မြန်မာ့အရေးကို မြန်မာဦးဆောင်သည့် ဖြေရှင်းမှုကိုလုပ်ရန် ဘစ်ရှော့ပြော

နိုဝင်ဘာ ၁၊ နိုင်ငံတကာ။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တွန်းအားပေး လုပ်ဆောင်ရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် အာဆီယံပါဝင်သည့် မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်ကြောင်း ဘစ်ရှော့က အလေးထား ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သည့် ဂျူလီ ဘစ်ရှော့ (Julie Bishop) က မြန်မာနိုင်ငံတွင် ပဋိပက္ခ ပိုမိုပြင်းထန်လာမှုနှင့် ဒုစရိုက်ဂိုဏ်းများ များပြားနေမှုအပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သတိပေး ခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဘစ်ရှော့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အကျပ်အတည်းကို အရေးတကြီး ဖြေရှင်းရန် လိုအပ် ကြောင်း ပုံဖော်ပြောကြားခဲ့ပြီး ထိန်းချုပ်မရနိုင်သည့် ဒုစရိုက်ကွန်ရက်များနှင့် အကြမ်းဖက်မှုများ မြင့်တက် လာသည့် အခြေအနေကို အလေးထား ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ခန့်အပ်ခဲ့သည့် ဘစ်ရှော့သည် မြန်မာနိုင်ငံအား အနိုင်-အရှုံး တွက်ချက်သည့် နိုင်ငံရေးကို စွန့်လွှတ်ရန်၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်သင့်မြတ် ရေးတို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပွားခဲ့ကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်မြေပြင်တွင် အသာစီးရမှုများသည် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး ငြိမ်းချမ်းရေးအား ပြန်လည်ထိန်းသိမ်းရန်နှင့် အရပ်သားများကို အကူအညီပေးရန် နိုင်ငံတကာ၏ ခိုင်မာသည့် အားထုတ်ကြိုးပမ်းမှုများ ပိုမိုလိုအပ်လာခဲ့သည်။

ထိုကဲ့သို့ အရေးပေါ် အခြေအနေများ မြင့်တက်လာချိန်တွင် ဘစ်ရှော့က အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအား ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

မြန်မာ့အရေးတွင် လျစ်လျူရှုခံထားရသည့် ဆိုးရွာသော သက်ရောက်မှုများရှိနေပြီး မြန်မာနိုင်ငံက ဦးဆောင်ပြီး ပဋိပက္ခကို အဖြေရှာရန် ဘစ်ရှော့က တိုက်တွန်းခဲ့ပြီး အာရှနိုင်ငံများနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်လျက်ရှိသည်။

ဘစ်ရှော့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ၎င်းကိုယ်တိုင် ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားခဲ့သည်။

Source: Devdiscourse

ပုံ - နိုင်ငံတကာအစည်းအဝေး သရုပ်ဖော်မှုကိုတွေ့ရစဥ်

#centralnewsnaypyitaw

image