“ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများ မှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက်တားဆီး နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း”
ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည့်ပြောကြားချက်မှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။
#centrlnewsnaypyitaw