ဒီနေ့ ချယ်ပြောပြပေးချင်တဲ့စာအုပ်ကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်ပါ
“သာ၍ဝေးရာဆီကိုပါ” 💛
ဆရာရဲ့ နာမည်ကြီးလှတယ်ဆိုတဲ့စာအုပ်စာရင်းထဲမှာတော့ သိပ်မတွေ့ရတတ်ဘူး၊
ဒါပေမဲ့ ချယ်ဖတ်မိတော့ ဇာတ်ကြောင်းလေးကိုလည်း စိတ်ဝင်စား၊ ဖတ်ရတာလည်း အတော်လေး ကောင်းတာကြောင့် ညွှန်းပေးပါရစေရှင် 📚
ဒီစာအုပ်လေးက ခေါင်းစီးစတွေ့လိုက်မိရင် ဖတ်ရဲဖို့ မလွယ်လှပါဘူး။ “သာ၍ဝေးရာဆီကိုပါ” ဆိုတော့ ဖတ်ရမှာ နည်းနည်းလန့်မိတာပါ။ ဘယ်ကနေ ဘယ်ဝေးရာဆီ ကိုလဲဆိုတာတွေးပြီး မဖတ်ခင် စပြီးရင်မောမိတာမို့ပါ…………နောက်ထပ်ကြောက်မိတဲ့ အကြောင်းက တော့ ဆရာ့စာအုပ်တွေက တစ်အုပ်ဖတ်ပြီးရင် ဖတ်ပြီးသလောက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကျန်ခဲ့တာမျိုးမို့ဆိုတာ စိတ်ထဲစွဲနေမိတာကြောင့်လည်းပါပါတယ်။
တစ်ခါတရံ ဆွေးပြီး ကျန်ခဲ့တယ်၊ တစ်ခါတရံ ကြည်ကြည်နူးနူးကျန်ခဲ့တယ်၊ တစ်ခါတရံကျတော့ အတွေးတွေအများကြီးနဲ့ ကျန်ခဲ့တယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေထဲက ချယ်နဲ့ စရင်းနှီးခဲ့တာ ခိုင်ပါ၊ ခိုင့်ကို ဖတ်ပြီးတော့ ထားတို့ ဝေတို့နဲ့တွေ့ရတယ်။ နောက် မမသန့်တို့ကို သိရ တယ်။ အခု ချယ်ထပ်တွေ့ရတာက မသင်းနုနဲ့ပါ။
ဒီစာအုပ်လေးက ချယ်စိုးရိမ်သလို လန့်စရာမလိုတဲ့စာအုပ်လေးဆိုတာကိုတော့ စပြောပါရစေရှင်၊
ပြောရရင် ဇာတ်ဆောင်နှစ်ယောက်က မသင်းနုနဲ့
ကိုသာဓုပါ ၊ မသင်းနုဆိုတာက နာမည်လေး အတိုင်းပဲ ပန်းချီဆွဲရတာ ဝါသနာပါသည့် ကြော့ရှင်းလှပတဲ့ နူးနူးညံ့ညံ့ ကောင်မလေးတစ်ယောက်၊ ဧရာဝတီတိုင်းထဲက မဲဇာ လို့ခေါ်ရလောက်အောင် ခေါင်တဲ့ ‘လေးမျက်နှာ’ဆိုတဲ့ မြို့လေးမှာ နေထိုင်တဲ့သူကလေး၊
မသင်းနုတို့မြို့ကို ကိုသာဓု ရောက်လာပုံလေးကဆန်းတယ် ၊ ကိုသာဓုလို့ နာမည်တွင်သွားတာလေး ကလည်းဆန်းတယ်၊ ခေါင်းပေါ်မှာ ဆီမလိမ်းထားတဲ့ ဆံပင်တွေက မသေမသပ်၊ အဝတ်အစားက နွမ်းနွမ်းဖတ်ဖတ်၊ တစ်ခါ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေး တွေကြောင့် ညှင်းသိုးသိုးသဏ္ဍာန်နဲ့ …………..ထမင်းဆိုင်မှာ ထမင်းချည်းပဲစားနေရရှာတဲ့သူ့ကို မသင်းနုက တစ်နပ်စာ ဟင်းဝယ် ကျွေးခဲ့ရာက သူတို့နှစ်ယောက် ရေစက်စတယ်လို့ ပြောရမယ်။
“လူဟာ ဘယ်ကလာတယ်ဆိုတာ မဖြေနိုင်ဘူး၊ ဘယ်ကိုသွားမယ်ဆိုတာလည်း မသိဘူး၊ သူသိတာက ခရီးသွားတစ်ဦးဆိုတာပဲ၊ သံသရာခရီးသွား၊ ကျွန်တော်လည်း သံသရာခရီးသွားတစ်ဦးပဲ” လို့ဆိုတတ်တဲ့ ကိုသာဓုစကားတွေကြောင့် စိတ်မနှံ့ရှာပြီး ယဉ်ယဉ်လေးရူးနေတဲ့ လူတစ်ယောက်လို့သာ တစ်မြို့လုံးက သတ်မှတ်ထားလိုက်တယ်။ မသင်းနုတစ်ယောက်တည်းသာ ဒီမြို့ကို ရောက်မလာခင်က
ကိုသာဓုရဲ့ အတိတ်အကြောင်း၊ အတိတ်ဘဝကို စိတ်ဝင်စားသူ၊ ကိုသာဓုရဲ့အတွေးအခေါ် ၊ အပြောအဆို၊ အမူအရာ တွေကြောင့် အထက်တန်းလွှာက လူတစ်ယောက်ယောက်၊ ကိုယ်ဘဝကို မေ့နေတဲ့သူတစ်ယောက် ဖြစ်မယ်ဆိုတာကို ယုံကြည်နေသူ…………
နောက်တော့ မသင်းနုရဲ့ဘကြီးနဲ့ ကိုသာဓုတို့ အတူတူနေဖြစ်သွားပြီးတဲ့နောက် ကိုသာဓုရဲ့
တကယ့်သရုပ်မှန်က မသင်းနုထင်သလို ဖြစ်နေမှာလားတော့ တော်တော်ကို စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ် ။ ကြားထဲမှာ ချယ်တို့ထင်မထားမိတဲ့ မြုပ်ကွက်ကလေးတစ်ကွက်ကိုလည်း မြင်ရမှာပါ။
ဒီစာအုပ်လေးမှာ ချယ်ကြိုက်မိတာလေးတွေကို ထုတ်ပြရမယ်ဆိုရင်တော့ ပန်းချီနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ၊ လှပတဲ့ ကျေးလက်သဘာဝကို ဖော်ကြူးထားတဲ့ အရေးအသားလှလှလေး တွေ၊ ရာသီဖွဲ့စကားပြေစာသားလေးတွေ၊
ဘဝဒဿန စကားစုလေးတွေပါပဲ။
“ဘဝဆိုတာဟာ ငိုတစ်လှည့်၊ ရယ်တစ်လှည့်၊ မှိုင်းတစ်လှည့်၊ ဝင်းတစ်လှည့် ၊ ဒါမှလည်း ဘဝပီသတော့ မှာပေါ့၊ မဟုတ်ဘူးလား” ဆိုတဲ့ မသင်းနုက ကိုသာဓုကိုပြောတဲ့ စကားလေးတွေ………………
“တစ်ဆင်းတက်သော် တစ်တောင်ကျော် ၊ တစ်မှော်ငုပ်လျှိုး တစ်ချုံတိုး၊ တစ်မိုးသောက်လျှင် တစ်နေ ဝင်၊ တစ်ပင်မြိုင်ကြီး ဂနိုင်ဆီး ………….တောကြီးငယ်တောင်ကာ၊ ကေလာတောင်စောင်း ပိတ် ပေါင်းငယ်သာထွေ၊ သပြေပင်နန်း ရေယဉ်စမ်းငယ်နှင့် စခန်းရောက်အောင်မြေ” ဆိုတဲ့ ကိုသာဓုကို မသင်းနုဆိုပြတဲ့ သီချင်းလေးတွေနဲ့ ……………….
တစ်ခေါက်တော့ ကိုသာဓုနဲ့အတူတူ လောကလောကဓံကို အတူတူအံတုခံစားရင်း ဒီစာအုပ်လေးကို ဖတ်ကြည့် မြည်းကြည့်ကြပါလေလို့ တိုက်တွန်းလိုက်ချင်ပါတယ်ရှင်………………… 💜
☘️
☘️
ချစ်တဲ့ချယ် (Chal)
#readbychal #bookworms #တက္ကသိုလ်ဘုန်းနိုင် #သာ၍ဝေးရာဆီကိုပါ #ဝတ္ထုကောင်းလေးများ
#booklovers #bookreviews
#crd