မက်ဒေါ်နယ်၏ ဟမ်ဘာဂါကြောင့် လူဒါဇင်ချီ အစာအဆိပ်သင့်
---------------------
မက်ဒေါ်နယ်ဆိုင်က ရောင်းချတဲ့ ဟမ်ဘာဂါနဲ့ဆက်စပ်ပြီး အစာအဆိပ်သင့်မှုဆိုင်ရာ သတိပေးချက်ကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးစင်တာ(CDC)က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်နယ်ပေါင်း (၁၀)ခုမှာ အနည်းဆုံး လူ(၄၉)ယောက် နာမကျန်းဖြစ်ပြီး အဲဒီထဲက သက်ကြီးပိုင်း တစ်ယောက် သေဆုံးခဲ့ရတဲ့နောက်မှာ အမေရိကန်(CDC)က အခုလို ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ခဲ့ တာပါ။
နာမကျန်းဖြစ်သူထဲက (၁၀)ယောက်ကို ဆေးရုံတင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အစာအဆိပ်သင့်မှုဖြစ်သူ အများစုဟာ ကော်လိုရာဒိုနဲ့ နီဘရာစကားပြည်နယ်တို့ကဖြစ်တယ်လို့လည်း ဆိုပါတယ်။ မက်ဒေါ်နယ်ဆိုင်က ကော်လိုရာဒို၊ ကန်ဆပ်၊ ယူတား ၊ ဝိုးမင်း၊ အိုင်ဒါဟိုး၊ မွန်တာနာနဲ့ ကျန်ပြည်နယ်အတော်များများမှာရှိတဲ့ ဟမ်ဘာဂါဆိုင် စတို ခန်းတွေထဲက ကြက်သွန်နီနဲ့ အသားပြားတွေကို ဖယ်ထုတ်ရှင်းလင်းပစ်လိုက်တယ်လို့ အမေရိကန်(FDA)က ပြောပါတယ်။ (CDC) ကတော့ အဲဒီအစာအဆိပ်သင့်မှုဟာ တခြား ပြည်နယ်တွေမှာလည်း ဖြစ်ပွားလိမ့်မယ်လို့ မှတ်ချက်ပြုထားပါတယ်။