27 w - Translate

လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်ပြီး ကမ္ဘာ့စံချိန်တင်တဲ့ ၂၅ နှစ်သမီး

ဂင်းနက်စ်စံချိန် ၂ ခု ပိုင်ဆိုင်ထားတဲ့ အမေရိကန် YouTuber ၊ ခရီးသွား မိန်းကလေး လက်ဇီအဲလ်ဖို့ဒ်က နောက်ထပ်စံချိန်သစ်တစ်ခု တင်လိုက်ပါပြီ။ လျှပ်စစ်ကားစီးပြီး ကမ္ဘာတစ်ပတ် ပတ်နိုင်တဲ့ ပထမဆုံးလူသားအဖြစ် စံချိန်တင်လိုက်တာပါ။

လက်ဇီအဲလ်ဖို့ဒ်ဟာ Ford Explorer လျှပ်စစ်ကားနဲ့အတူ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းပြီး ကီလိုမီတာ ၃၀၀၀၀ ကျော် အကွာအဝေး ခရီးကို လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသုံးပြီး မောင်းနှင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတော့ ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

လက်ဇီအဲလ်ဖို့ဒ်ဟာ ဓာတ်အားပြတ်တောက်မှု မကြာခဏ ကြုံရတတ်တဲ့ အာဖရိကတိုက်၊ လျှပ်စစ်ကားအားသွင်းရာ အခြေခံအဆောက်အအုံမရှိတဲ့ ချီလီနိုင်ငံ၊ အက်တာကာမာသဲကန္တာရ၊ လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေ၊ အလွန်အေးစက်တဲ့ နေရာတွေ အစရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်နိုင်ခဲ့တာပါ။

စွန့်စားသွားလာရတာကို ဝါသနာထုံတဲ့ လက်ဇီအဲလ်ဖို့ဒ်ဟာ ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာတစ်လွှား ခရီးသွားလာဖို့ စိတ်ကူးခဲ့ပြီး သူ့ရဲ့ ခရီးစဉ်အတွက် မုန့်ဖိုးတွေကို စုဆောင်းထားခဲ့တာပါ။ သူဟာ ကမ္ဘာပေါ်က အချုပ်အခြာပိုင် နိုင်ငံအားလုံးကို လှည့်လည်သွားလာဖူးတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်၊ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန် ၂ ခု တင်ထားသူဖြစ်ပြီး အသက် ၂၁ နှစ်၊ ၁၇၇ ရက်အရွယ်မှာပဲ အဲဒီခရီးစဉ်ကို ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပြီး သူ့ရဲ့ Lexie Limitless ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ မြန်မာနိုင်ငံရဲ့ ဈေးနေ့ နံနက်ခင်းပုံကို တင်ခဲ့ဖူးပါတယ်။

Ref: ALL-ELECTRIC EXPLORER COMPLETES RECORD-SETTING DRIVE AROUND THE WORLD

image
image
image