ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြည်ပမှာကစားမယ့် Premier League "Game 39" အစီအစဉ်က ကန့်ကွက်မှုတွေကြောင့် ဖြစ်မလာသေးပေမယ့် လာလီဂါပွဲစဉ်တွေ ပြည်ပမှာ ကစားတာက ဒီနှစ်အတွင်းတောင် စတင်ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။
အခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ ကစားရမယ့် လာလီဂါပွဲစဉ် ဘာစီလိုနာ-အက်သလက်တီကိုပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီက Hard Rock ကွင်းမှာ ကစားဖို့ နှစ်ဖက်အသင်းတာဝန်ရှိသူတွေနဲ့ အမေရိကန်ဘောလုံးတာဝန်ရှိသူတွေက ကြိုးပမ်းနေကြတာပါ။
>>>>>>>
နှစ်ဦးနှစ်ဖက်သဘောတူညီမှုတွေရရှိထားပေမယ့် သက်ဆိုင်ရာဘောလုံးအဖွဲ့အစည်းတွေရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းရမှာဖြစ်ပြီး မီးစိမ်းပြခဲ့ရင် ဒီအစီအစဉ်က ဖြစ်ပေါ်လာဖွယ်ရှိပါတယ်။
အစဉ်အလာမဟုတ်တဲ့ ဒီလိုပြည်ပမှာ ကစားတာ ဖြစ်မြောက်လာဖို့အတွက် လာလီဂါအဖွဲ့ချုပ်ရဲ့ခွင့်ပြုချက်အပြင် ဥရောပဘောလုံးအဖွဲ့ချုပ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေရဲ့ခွင့်ပြုချက်ရရှိဖို့လည်း လိုအပ်ကြောင်း သိရပါတယ်။
လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌတီဘတ်စ်ကတော့ ဒီအဆိုပြုချက်ကို သဘောကျလက်ခံသူဖြစ်ပြီး အားပေးထောက်ခံတဲ့စကားတွေ ပြောထားဖူးပါတယ်။ "ဒီလိုပြုလုပ်တာ အမေရိကန်နိုင်ငံမှာရှိတဲ့ လာလီဂါပရိသတ်တွေကို လေးစားရာကျပါတယ်။ ကျွန်တော်တို့အနေနဲ့ NBA ပွဲတွေ၊ NFL ပွဲတွေကို ဥရောပမှာရော၊ မက္ကဆီကိုမှာပါ ကစားတာကို တွေ့ခဲ့ဖူးပါတယ်။ ဒါက အမေရိကန်အားကစားဈေးကွက်ကိုလည်း ကြီးကြီးမားမားသက်ရောက်စေပါလိမ့်မယ်"လို့ ပြီးခဲ့တဲ့ နွေရာသီအတွင်း တီဘတ်စ်က ဆိုထားတာပါ။
ပြီးခဲ့တဲ့ နွေရာသီအတွင်း အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်က MetLife ကွင်းအတွင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ခြေစမ်းကစားခဲ့တဲ့ပွဲကို ပရိသတ်ပေါင်း(၈၂၅၀၀)ကျော် အားပေးခဲ့ကြပါတယ်။