ခရမ်းသီး ငသရွဲခြောက်မီးဖုတ်သုပ် ( မြန်မာ အခေါ် - ခရမ်းသီး ငါးတံခွန်အခြောက် မီးဖုတ်သုပ်)
ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ကို စို့လေးနဲ့ တစ်လုံးလုံး နေရာအနှံ့ထိုးပေးပါ ..... ပြီးရင်တော့ မီးသွေးမီးဖိုထဲ ထည့်ပြီး ဟိုဘက် ဒီဘက် ပြန်လှန် ဖုတ်လိုက်ပါ .... ငါးတံခွန် အကောင်သေးကို သေချာ ပွတ်တိုက်ပေးပြီး ကြွပ်လာအောင်ထိ မီးဖုတ် / ကင်ပေးပါ ..... ပြီးရင် မိမိနှစ်သက်သလောက် ငရုတ်သီးစိမ်း နဲ့ ငပိစိမ်းစားလေး နည်းနည်း မီးကင်ပေးထားပါ ..... ခရမ်းသီး မွှေးပြီး အိလာပြီဆိုရင် ထုတ်ပြီး ရေနဲ့ ပွတ်ဆေးပေးလိုက်ပါ .... အပေါ်အရေခွံခွါပေးပါ .... ပြီးရင် ဇလုံတစ်ခုထဲထည့်ပြီး ခြေပေးပါ .... ငါးတံခွန် ကြွပ်လာပြီဆိုရင် ရေနဲ့ ပွတ်ဆေးပေးပြီး (ရေသွန်ပြီး မဆေးပါနဲ့၊ အီသွားမှာ စိုးလို့ပါ) သေးသေးလေးတွေ ပိုင်း ၊ ခရမ်းသီး ဇလုံထဲ ထည့်ပေးပါ ....
မီးကင်ထားတဲ့ ငရုတ်သီး နဲ့ ငပိကို ဂျင်းအနည်းငယ် ထည့်ထောင်းပေးပါ (ဂျင်းမထည့်ဘဲလည်း စားကြပါတယ်) .... ကြိုက်တတ်ရင် ကြက်သွန်ဖြူထည့်ထောင်းပေးပါ ..... (ထည့်လေ့ထည့်ထတော့ မရှိသလောက်ပါပဲ) .... ကြက်သွန်နီ ပါးပါးလှီးထားပေးပါ ..... ပြီးရင်တော့ ခရမ်းသီးနဲ့ ငါးခြောက်ထည့်ထားတဲ့ ဇလုံထဲကို ငရုတ်သီးထောင်း ၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ပေးပြီး အချို အငန် မိမိသဘောကျထည့် ရောနယ်ပေးပါ .... မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ .... နောက်ဆုံး နံနံပင်အုပ်ပေးလိုက်ရင် မီးဖုတ်နံ့ သင်းသင်းလေးနဲ့ မွှေးအိနေတဲ့ ခရမ်းသီး ငါးတံခွန်သုပ်ကို ရပါပြီတဲ့ရှင် .......
ဆီလုံးဝ မပါတဲ့ ခရမ်းသီးမီးဖုတ်သုပ် ချဉ်ငန်စပ်လေးပါ .... အားလုံးကို ကျေးဇူးပါရှင့် ........