တရားမဝင် သွင်းကုန်များကို အရှိန်မြှင့် ဖမ်းဆီးစစ်ဆေးနေ
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း အပါအဝင် မြဝတီနယ်စပ်ဂိတ်ပေါက်နှင့် မြို့နယ် ၁၀ မြို့ကျော်တွင် တရားမဝင် သွင်းကုန်များကို အရှိန်မြှင့် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ဆေးရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ယင်းသိူ့ ဝင်ရောက်ဖမ်းဆီးမှုများမှ တဆင့် ၃ ရက်အတွင်း အမှုပေါင်း ၅၀ နီးပါးဖမ်းဆီးရမိကြောင်း တန်ဖိုးအားဖြင့် ကျပ် သန်း ၁,၄၀၀ ကျော် ရှိနေကြောင်းလည်း ဘီဘီစီမြန်မာပိုင်း၏ သတင်းဖော်ပြချက်အရလည်း သိရသည်။
နစကဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နယ်စပ်မှ တင်သွင်းလာသည့် စားသောက်ကုန်၊ လူသုံးကုန်များကို ကြပ်မတ် ဖမ်းဆီးရန် ညွှန်ကြားပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ စစ်ဆေးမှု ပိုမိုအရှိန်မြှင့်လာကြောင်း ကုန်သည်များကလည်း ပြောသည်။
နစကဒုဥက္ကဌက အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းဝေး တွင် မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသည့် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာခြင်းအား တိုက်ဖျက်တားဆီးရမည်ဖြစ်ပြီး၊ လမ်းကြောင်းများ စောင့်ကြည့်ဖမ်းဆီးရမည့် အပြင် ဂိုဒေါင်များ၊ သိုလှောင်ရုံများကိုလည်း လိုက်လံ စစ်ဆေးဖမ်းဆီးခြင်းနှင့် ဈေးကွက်များအတွင်းပါ ကွင်းဆင်းဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။