အဆိပ်သင့် ကတ္တရာလုံးများကြောင့် ဆစ်ဒ်နီရှိ ကမ်းခြေများ ပိတ်လိုက်ရ
သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့ ကမ်းခြေများတွင် အဆိပ်အတောက်ဟု ယူဆရသော အမည်းရောင်အလုံးများ ရာနှင့်ချီ၍ သောင်တင်လာခဲ့မှုကြောင့် အောက်တိုဘာ ၁၇ ရက်တွင် အထင်ကရ ဘွန်ဒီကမ်းခြေအပါအဝင် မြို့၏ ကမ်းခြေများစွာတွင် ရေကူး ခြင်း၊ ရေချိုးခြင်းများ မလုပ်ရန် ပိတ်ပင်ခဲ့ရသည်။
ကြိုတင်ကာကွယ်သည့် အနေဖြင့် Bondi၊ Bronte၊ Tamarama ကမ်းခြေများကို ပိတ်လိုက်သည်ဟု Waverley ကောင်စီက ပြောဆိုခဲ့ပြီး အိမ်နီးချင်း Randwick ကောင်စီကလည်း တောင်ပိုင်းရှိ နောက်ထပ်ကမ်းခြေ လေးခုကို ပိတ်ထားသည်ဟု ဆိုသည်။
“ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ကျန်းမာပျော်ရွှင်ရေးက အဓိကပါ၊ ဒါကြောင့်ပဲ ကောင်စီက ကျွန်တော်တို့ ကမ်းခြေတွေကို ပိတ်ဖို့ သတိပေးထားတာပါ” ဟု Waverley မြို့တော်ဝန် Will Nemesh ကသတင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
Randwick ကောင်စီ၏ ပဏာမစစ်ဆေးချက်အရ အဆိုပါ ဆန်းကျယ်သော အရာဝတ္ထု့များသည် ရေနံအကြွင်းအကျန် ကတ္တာစေးလုံးများဖြစ်သည်ဟု ယူဆထားသည်။
နူးစ်ဆောက်ဝေးပြည်နယ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင်အဖွဲ့က အဆိုပါ အရာဝတ္ထု့များကို ၎င်းတို့ကိုယ်ပိုင်နည်းလမ်းဖြင့် စစ်ဆေးမှုလုပ်နေကြောင်းနှင့် အလုံးများကို ကိုင်တွယ်ခြင်း ၊ ယင်းတို့အနီးတွင် ရေကူးခြင်းများ မလုပ်ကြရန် အကြံပြုခဲ့သည်။
ဆစ်ဒ်နီသည် ၎င်း၏ ဆိပ်ကမ်းနှင့် သမုဒ္ဒရာ ကမ်းစပ်တလျှောက်တွင် ကမ်းခြေပေါင်း ၁၀၀ ကျော် ရှိသည့် ကမ္ဘာကျော် နေရာတစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားနှင့် ဒေသခံ သန်းပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသည်။