ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ် မီးထွန်းပူဇော်ပွဲကျင်းပ
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာ အောက်တိုဘာလ ၁၆ရက် ညနေ ၅နာရီခွဲအချိန်က သီတင်းကျွတ်မီးထွန်းပူဇော်ပွဲအဖြစ် ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ လျှပ်စစ်မီးစေတီတွေ လှည့်လည်ပူဇော်ပါတယ်။
ပူဇော်ပွဲမှာတော့ လျှပ်စစ်မီးစေတီ ၅ဆူကို ရွှေတိဂုံစေတီတော်ရဲ့ တောင်ဘက်မုခ်ကနေ လက်ယာရစ်တစ်ပတ်ပတ်ပြီး မြောက်ဘက်မုခ် ချမ်းသာကြီးတန်ဆောင်းရှိ ရာဟုထောင့်ထိ လှည့်လည် ပူဇော်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလျှပ်စစ်မီးစေတီ ၅ ဆူထဲက တစ်ဆူကိုတော့ ရွှေတိဂုံစေတီတော်ရှိ ပတ္တမြားမျက်ရှင်ဘုရားမှာ ပူဇော်ထားရှိမှာဖြစ်ပြီး ကျန်စေတီ လေးဆူကိုတော့ အာရုံခံတန်ဆောင်း ၄ဖက်မှာ ပူဇော်ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေတိဂုံစေတီတော်မှာ အောက်တိုဘာလ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)မှာ အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းတာ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကျင်းပတာ၊ အောင်ပွဲနဲ့ ရေစက်ချ အခမ်းအနားပြုလုပ်တာ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းတာ စတဲ့ အခမ်းအနားတွေကိုလည်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။