ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ပုံသေ ကျပ် ၃၅၀၀ ဝန်းကျင်ဖြင့် ရောင်းချရန် ညွှန်ကြားထားခြင်းမရှိဟု ဗဟိုဘဏ်ပြော
ငွေလဲကောင်တာ (Money Changer) တွေကို ပုံသေ တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်နဲ့ ရောင်းချပေးဖို့ ညွှန်ကြားထားခြင်းမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပြောကြားပါတယ်။
Money Changer တွေရဲ့ နိုင်ငံခြားငွေ ဝယ်ဈေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ FX Trading Platform မှ တင်ပြချက်တွေအပေါ် တွက်ချက်ထားတဲ့ Optimum Level ရှိ Average Rate အရ သတ်မှတ်ထားတဲ့ FX Trading Rate အတိုင်း သတ်မှတ်ဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေ ရောင်းဈေးကို သတ်မှတ်ရာမှာတော့ FX Trading Rate + ၁၀ ကျပ်နဲ့ အမြင့်ဆုံး ဆောင်ရွက်ဖို့ သတ်မှတ်ထားကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။
လက်ရှိ FX Trading Rate က (၁၀-၁၀-၂၀၂၄) ရက်နေ့မှာ တစ်ဒေါ်လာ ၃၅၅၄ ကျပ်ဖြစ်ပြီး အတက်အကျ ရှိနေမှာဖြစ်တယ်လို့ CBM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
FX Trading Rate ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website မှာ ဖော်ပြပေးထားပြီး ငွေလဲကောင်တာတွေရဲ့ Board တွေမှာလည်း ကြေညာထားပါတယ်။
“ပုံသေ ၃၅၀၀ ဝန်းကျင်ဆိုပြီး သတ်မှတ်ထားခြင်းမရှိပါ”လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ပြောကြားချက်အရ သိရပါတယ်။
ဗဟိုဘဏ် ပါဝင်တဲ့ FX Trading Platform မှာ ဒေါ်လာငွေလဲနှုန်း ၃၅၅၄ ကျပ်နဲ့ အရောင်းအဝယ်ပြုလျက်ရှိပြီး ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ ဒေါ်လာငွေဈေး ၄၅၅၀ - ၄၆၅၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ဗဟိုဘဏ်အနေနဲ့ ငွေလဲနှုန်း ၃၅၅၄ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ရောင်းခဲ့ပြီး အဲဒိနေ့ တစ်ရက်တည်းမှာ ထိုင်းဘတ် ၃၈ သန်းကျော်ကိုလည်း ငွေလဲနှုန်း ၁၁၅.၉ ကျပ်နဲ့ ထုတ်ရောင်းပေးခဲ့ပါတယ်။