အကူလူ
.............
ထွန်းထွန်းမင်နဲ့ ဒေ့ဗ် ဒုတိယပွဲ ထိုးခဲ့စဥ်က တတိယအချီမှာ ထွန်းထွန်းမင်းရဲ့ ခြေကန်ချက်ကို ဒေ့ဗ်က ဖမ်းဆွဲလိုက်တဲ့အတွက် ထွန်းထွန်းမင်း ခြေဒဏ်ရာ ရသွားပြီး ၂ မိနစ် အနားတောင်းလိုက်ရပါတယ်။
ဒဏ်ရာ ရသွားတဲ့ အနေအထားက ခြေနည်းနည်းပါးပါးနာသွားတာလား၊ ဒူးအရွတ်ထိသွားတာလား၊ ဒဏ်ရာ ပြင်းထန်လား၊ အရိုးကျိုးသွားတာလား စတာတွေကို ကစားသမားကလည်း သွေးပူနေသေးတဲ့ ကြိုးဝိုင်းပေါ်မှာ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ဖို့ဆိုတာ မလွယ်လှပါဘူး။
ဒါပေမယ့် ထွန်းထွန်းမင်းရဲ့ အကူလူအဖွဲ့က ခပ်ပါးပါး ဒဏ်ရာ ရသွားတာပဲလို့ ဆုံးဖြတ်လိုက်ပုံ ရသလို ကိုယ့်ဖိုက်တာကို နိုင်စေချင်တဲ့ စေတနာ အရင်းခံလည်းရှိနေတော့.. ထွန်းထွန်းမင်း ဒူးနာနေတဲ့ ခြေထောက်ကို အားနဲ့ အတင်းဆွဲခါပြီး ပြန်သက်သာအောင်လုပ်ပေးခဲ့ကြတယ်။ ပြီးတာနဲ့ ဆွဲထူပြီး ကြိုးဝိုင်းထောင့်ကို ခေါ်သွားကြတယ်။
ကြိုးဝိုင်းထောင့်မှာ ထွန်းထွန်းမင်းက ထိုင်လိုက်တော့ ခုံနဲ့ လူ တခြားစီ ဖြစ်ပြီး လက်နှစ်ဖက်က ကြိုးတန်းမှာ တန်းလန်းကြီး၊ ခြေထောက်က အကူလူတွေ လက်ထဲမှာ တန်းလန်းကြီး .. ဆိုတော့ သူ့ရဲ body weight ကို ဒဏ်ရာ ရနေတဲ့ ဒူးက ခံဆောင်ထားရသလို ဖြစ်သွားတယ်။
ဒီပွဲမှာ ဆက်ထိုးရင်း ထွန်းထွန်းမင်း ခြေထောက်လို့ မရတော့ပဲ ရှုံးခဲ့ပါတယ်။ ဒီပွဲက ရတဲ့ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် နောက်ပိုင်းမှာ ထွန်းထွန်းမင်းဟာ သူ့ရဲ့ prime time ကို ဘယ်တော့မှ ပြန်မရတောပါဘူး။
စာရေးသူ တွေးမိတာ က အဲ့ဒီအချိန်ကသာ ပွဲကို ချက်ချင်းရပ်၊ ထွန်းထွန်မင်းရဲ့ ဒူးကို အထိအခိုက် အနည်းဆုံးဖြစ်ပြီး လှုပ်မရအောင် အကာကွယ်တွေနဲ့သေချာ စည်းနှောင်ပြီး ဆေးရုံကို ခေါ်သွားနိုင်ရင်၊ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက သေချာစစ်ဆေးပြီး စနစ်တကျ ကုသမှုကို ခံယူလိုက်နိုင်ရင် ထွန်းထွန်းမင်းရဲ့ ခြေဟာ ပြန်ကောင်းလာနိုင်မယ့်အလားအလာ အများကြီး ရှိနိုင်တယ်၊ သေချာတာကတော့ ခုလက်ရှိ အခြေနေထက်တော့ပိုကောင်းမှာပါ။ ဒါဆိုရင် မြန်မာ့လက်ဝှေ့ရဲ့ ကျောက်ကောင်းတစ်ပွင့်ဟာ စောစောစီးစီး အရည်အသွေးကျသွားမှာလဲ မဟုတ်ပါဘူး။
....
လက်ဝှေ့ပွဲတွေမှာ ကြိုးဝိုင်းဘေးက နည်းပြအဖွဲ့နဲ့ အကူလူအဖွဲ့ကလည်း အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ဖိုက်တာ တော်ရုံ ပြင်ပဒဏ်ရာ ရသွားတာမျိုးလောက်ကတော့ အကူလူအဖွဲ့က ကြက်ကုကုပေးလိုက်ရင် ချက်ချင်းလိုလို သက်သာသွားတယ်၊ တစ်ချီပြီးလို့ နားနေချိန် မောပန်းပြီး သက်လုံ ကျနေတဲ့ ဖိုက်တာတောင်မှ အကူအဖွဲ့ရဲ့ ပြုစုမှုကြောင့် ပြန်လည် လန်းဆန်းသွားတတ်ပါတယ်.။
သို့သော်.လည်း.. အကူအဖွဲ့အနေနဲ့ ကစားသမားရဲ့ ဒဏ်ရာ အတိမ်အနက်ကို မှန်ကန်စွာ ဆုံးဖြတ်ပြီး ဒဏ်ရာ ပြင်းတယ်လို့ ယူဆရင် ပွဲရပ်သင့်ရင် ချက်ချင်း ရပ်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေဆီမှာ ကုသမှုကို ခံယူနိုင်ဖို့ စီစဥ်ပေးဖို့လည်း လိုပါမယ်။
ဖိုက်တာရော နည်းပြနဲ့ အကူလူအဖွဲ့ကပါ ထိုးသမျှပွဲတိုင်းကို ဘယ်ရှုံးချင်ပါ့မလဲ၊ ဘယ်အရှုံးပေးချင်ပါ့မလဲ. ဒါပေမယ့် တဖက်မှာလည်း ကစားသမားရဲ့ ရေရှည်ကောင်းကျိုးအတွက် အထိခိုက်အနာတရ အနည်းဆုံး ဖြစ်ဖို့လည်း လိုတာပါ။
ပွဲတစ်ပွဲမှာဆိုရင် ကစားသမားက သတိလစ်လုနီးပါး ဖြစ်နေပြီး ခေါင်းကြီးစိုက်၊ ခြေတွေလက်တွေ ပျော့ခွေနေပြီ၊ ဒါကို အကူအဖွဲ့က ဂျိုင်းကနေ ကိုင်မြှောက်ပြီး ကြိုးဝိုင်းထဲကို အတင်းပြန်တွန်းလွှတ်နေတာလည်း တွေ့ဖူးပါတယ်။
..
စိုးနေ့သစ်