ပုဂံသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဝန်ဆောင်မှု ပေးနိုင်ရန် မြင်းလှည်းအစီးရေ (၁၀၀)ကျော် စီစဉ်ထား
သီတင်းကျွတ် ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စေတီ၊ ပုထိုးများ စုံလင်စွာ ကြည့်ရှုလေ့လာနိုင်ရန် ယခင်ကထက်တိုးချဲ့၍ မြင်းလှည်းအစီးရေ (၁၀၀) ကျော်ဖြင့် နေ့စဉ်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ပုဂံဒေသခံ မြင်းလှည်းအသင်းမှ သိရသည်။
ခရီးသွားဧည့်သည်များ စေတီ၊ ပုထိုးများကို နောက်ခံထား၍ မြင်းလှည်းစီး ဓာတ်ပုံရိုက်ကူးခြင်း၊ စေတီ၊ ဂူဘုရားများအကြား သွားလာရခြင်း၊ နေဝင်ဆည်းဆာအလှ ကြည့်ရှုနိုင်ရန် အထင်ကရဘုရားစေတီများအနီးရှိ မြင်းလှည်းဂိတ်များနှင့် ဆာကူရာ၊ သရပါ၊ ပုဂံသံတဲနှင့် ပုဂံဟိုတယ်များအနီး ဂိတ်များထိုး၍ ယခင်ကထက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
“မြင်းလှည်းလေး စီးပြီး လည်ပတ်ရတာ ပိုသဘောကျမိတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်။ တခြား E Bike တွေ ဘာတွေကျတော့ ရင်းနှီးပြီး စီးဖူးပြီးသားလေ ရန်ကုန်မှာက မြင်းလှည်းဆိုတာ တစ်ခါ တစ်လေ ကလေးစီးသလောက်ပဲ ရပ်ကွက်ထဲမှာ ရှိတာဆိုတော့ ပုံဂံရောက်တုန်းလေး မြင်းလှည်း စီးပြီး လည်ဖြစ်တယ်”ဟု ပုံဂံဒေသသို့ သွားရောက်လည်ပတ်သူ ဧည့်သည့်တစ်ဦးက ပြောသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ခရီးသွားဝန်ဆောင်မှုပေးနေသော မြင်းလှည်းအစီးရေ (၁၀၀) ကျော်ရှိပြီး မြင်းလှည်းစီး၍ စေတီပုထိုးများကို ကြည့်ရှုလေ့ လာပါက တစ်နာရီလျှင် ငွေကျပ် (၁၅၀၀၀) ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပုဂံဒေသခရီးသွားရာသီမှာ အောက်တိုဘာလမှ မတ်လအတွင်းဖြစ်ပြီး သီတင်းကျွတ်ပွဲတော်ကာလ ပုဂံဒေသတွင် အောက်တိုဘာ (၁၅) ရက်မှ (၁၈)ရက်အထိ ဟိုတယ်ခန်း အပြည့် ကြိုတင်မှာယူထားမှုများရှိကာ အောက်တိုဘာ (၁၃) ရ က်မှစတင်၍ ဘုရားဖူးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသခံများမှာ ခရီးသွားကဏ္ဍနှင့် ရပ်တည်နေရသည့် ဒေသဖြစ်သောကြောင့် ခရီးသွားများ အားလုံးကို ကောင်းမွန်ချိုသာသည့် စကားနှင့် ဝန်ဆောင်မှုပေးရန် မြင်းလှည်းမောင်းသူများကို တိုက်တွန်းထားကြောင်း ပုဂံမြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးမြတ်သူက ဆိုသည်။
ပုဂံယဉ်ကျေးမှု နယ်မြေတွင် အခြားသော ပို့ဆောင်ရေးယာဉ်များထက် မြင်းလှည်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ နှစ်သက်အားပေးလျက်ရှိပြီး ယနေ့အချိန်တွင် မြင်းလှည်းများကို မန္တလေး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပား၊ မင်းကွန်းနှင့် ပုဂံတို့တွင် နှစ်ဘီးတပ် မြင်းလှည်းများဖြင့် အသုံးပြုလျက်ရှိပြီး တောင်ကြီးနှင့် ပြင်ဦးလွင်တို့တွင် လေးဘီးတပ် ရထားလုံးများဖြင့် ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။