မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
-------------------------------
မကွေးမြို့ရှိ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၂) ရက်၊ မနက်ပိုင်းက မြသလွန်ဘုရားကြီး ရင်ပြင်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ပဓာနနာယက ဆရာတော် (၂၄)ပါး၊ ဩဝါဒါ စရိယဆရာတော်ကြီး (၉) ပါးတို့က အနေကဇာတင် ဖွင့်လှစ်ပေးခဲ့တာပါ။
ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဈေးဆိုင်ခန်းပေါင်း (၆၈၀) လောက်နဲ့အတူ ပျော်ပွဲ၊ ရွှင်ပွဲတွေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ မြသလွန်ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဦးအောင်ဆန်းက ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာတော့ ပန်းကိုးထောင်၊ နံ့သာကိုးထောင်၊ ဆီမီးကိုးထောင် ပူဇော်မှာဖြစ်ပြီး ဘုရားပွဲတော် လာရောက်တဲ့သူတွေအနေနဲ့ ညအိပ်တည်းခိုဆောင်တွေကို အခမဲ့တည်းခိုခွင့် ပြုထားတယ်လို့လည်း သိရပါတယ်။