AI သုံးမှာမို့ လူရာနဲ့ချီ အလုပ်ဖြုတ်နေတဲ့ TikTok
ByteDance ပိုင်ဆိုင်တဲ့ TikTok က သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်းတွေထဲက လူရာချီပြီး အလုပ်ထုတ်နေပါတယ်။ အဓိကအားဖြင့် မလေးရှားနိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေကို ထုတ်ပယ်နေတာ ဖြစ်ပါတယ်။ ဒါဟာ TikTok က Content Moderation မှာ Artificial Intelligence ကို ပိုမိုအသုံးပြုဖို့ ဦးတည်လာတာကြောင့် ဖြစ်ပါတယ်။
TikTok က မလေးရှားမှာ ဝန်ထမ်း ၅၀၀ ကျော်ကို ထုတ်ပယ်ခဲ့ပါတယ်။ အများစုက Content Moderation လုပ်ငန်းတွေနဲ့ ပတ်သက်နေသူတွေ ဖြစ်ပါတယ်။ ဒီအလုပ်ထုတ်ပယ်မှုဟာ TikTok ရဲ့ Moderation လုပ်ငန်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သလို AI ကြောင့် အကြီးအကျယ်အလုပ်ပြုတ်တဲ့ သာဓကလည်းဖြစ်ပါတယ်။
TikTok က content တွေကို စစ်ဆေးဖို့ အလိုအလျောက်စစ်ဆေးတဲ့နည်းပညာနဲ့ လူကိုယ်တိုင် စစ်ဆေးတာကို ပေါင်းစပ်သုံးနေပါတယ်။ ဒီနှစ်မှာ Trust and Safety လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောပါတယ်။ လက်ရှိမှာ စည်းမျဉ်းချိုးဖောက်တဲ့ content ၈၀% ကို အလိုအလျောက်နည်းပညာတွေနဲ့ ဖယ်ရှားနိုင်နေပြီ ဖြစ်ပါတယ်။
ဒီအလုပ်ထုတ်ပယ်မှုတွေဟာ မလေးရှားအစိုးရက Social Media ကုမ္ပဏီတွေကို ဇန်နဝါရီလမှာ လုပ်ငန်းလိုင်စင်လျှောက်ထားဖို့ တောင်းဆိုထားတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ မလေးရှားအစိုးရက သူတို့နိုင်ငံမှာ အန္တရာယ်ရှိတဲ့ Social Media Content တွေ မြင့်တက်လာတာကို တွေ့ရှိထားပြီး TikTok အပါအဝင် ကုမ္ပဏီတွေကို သူတို့ Platform တွေပေါ်မှာ စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်ဖို့ တောင်းဆိုထားပါတယ်။
AkhayarTech