27 w - Translate

ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယောင်းပြည်နယ်မှာ မြန်မာအလုပ်သမား ၆ ဦးသေဆုံးတာကြောင့် လျော်ကြေးပေးရန် အလုပ်သမားတွေ ဆန္ဒပြ

BVJ/KNT _ မတ်၃၀၊ ၂၀၂၃

ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယောင်းပြည်နယ်ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်းမှာ မတ် ၂၉ ရက် ညနေပိုင်း မှာ ကရိန်းပြိုကျခဲ့တဲ့အတွက် မြန်မာလုပ်သား ၆ ဦးနဲ့ တရုတ်နိုင်ငံသား အလုပ်ခွင်ကြီးကြပ်သူတစ်ဦးတို့ သေဆုံးခဲ့တဲ့အတွက် လျော်ကြေးရလိုမှုနဲ့ မြန်မာလုပ်သားတွေ ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ရယောင်းပြည်နယ် ပလွတ်ဒင်မြို့နယ်၊ တာဒစ်ကျေးရွာမှာရှိတဲ့ သံထည်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးခွင်မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ သေဆုံးသွားတဲ့ မြန်မာလုပ်သားတစ်ဦးအတွက် အသက်လျော်ကြေး ဘတ် ၅ သန်းအထိတောင်းဆိုထားပေမဲ့ အဲဒီလောက်ငွေပမာဏကို ပေးလျော်ရမယ်လို့ ဥပဒေမှာ မပါရှိတဲ့အကြောင်းကို မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက BVJ ကိုပြောပြပါတယ်။

“ထိုင်းဥပဒေမှာက အသက်ဖိုးလျော်ကြေးအတွက် ဘတ် ၅ သိန်းကနေ ၁၅ သိန်းအထိ သတ်မှတ်ထားတယ်။ အခု တောင်းဆိုနေတာက ဘတ်သိန်း ၅၀ တောင်းတာက ဥပဒေကို ကျော်လွန်သွားတဲ့အတွက် ရဖို့မဖြစ်နိုင်ဘူး။ အလုပ်ရှင်ကတော့ သေဆုံးသူတစ်ယောက်စီကို ဘတ် ၅ သိန်းပေးမယ်လို့ပြောတယ်။ အဲဒါ ဥပဒေနဲ့ လျော်ညီတယ်။ ဥပဒေနည်းလမ်းအတိုင်းတောင်းဆိုမှသာ အသက်လျော်ကြေးရရှိဖို့ သေချာတယ်” လို့ပြောပါတယ်။

ဆက်လက်ပြီး ဥပဒေကြောင်းအရ ဆန္ဒပြတောင်းဆိုဆရာမလိုပဲ ထိုင်းလူ့အခွင့်အရေးဖွံ့ ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း HRDF နဲ့ ထိုင်းနိုင်ငံဆိုင် ရာမြန်မာအလုပ်သမားသံအရာရှိရုံး ၂ လမ်းသွားစေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို အသုံးပြုဖို့ကိုလည်း ဦးမိုးကြိုးက အခုလို အကြံပြုပါတယ်။

“ထိုင်းလူ့အခွင့်အရေးဖွံ့ ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း HRDF နဲ့ ထိုင်းနိုင်ငံဆိုင် ရာမြန်မာအလုပ်သမားသံအရာရှိရုံး ၂ လမ်းသွားပုံစံနဲ့ ကျန်ရစ်သူမိသားစုနဲ့ ဆက်သွယ်ညှိနှိုင်းပြီး ဥပဒေပါအခွင့်အရေးအတိုင်းတောင်းရမယ်။ ပြီးတော့ ပထမဦးဆုံးအခွင့်အရေးက သေဆုံးသူ ၁ ဦးကို ဘတ် ၂ သောင်း သဂြိုလ်စရိတ်ရမယ်။ ပြီးရင် ထိုင်းလူ့အခွင့်အရေးရှေ့နေတွေနဲ့ ညှိနှိုင်းပြီး ထိုင်းဥပဒေမှာဖော်ပြတဲ့အခွင့်အရေးကို လက်ခံရရှိမှာ ဖြစ်တယ်”လို့ပြောပါတယ်။

လက်ရှိအခြေအနေအရ ကုမ္ပဏီရှေ့မှာအလုပ်သမားတွေဆန္ဒပြရာကနေ ရုန်းရင်းဆန်ခတ်မှုတွေလည်းဖြစ်ပွားနေပြီး သူနာပြုယာဉ်၊ ရဲမော်တော်ယာဉ်တချို့ပျက်စီးသွားတာမျိုးအထိဖြစ်ပွားနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

အလုပ်ရှင်က လျော်ကြေးပေးမယ်လို့ ကတိပေးထားပေမဲ့ မယုံကြည်နိုင်ကြဘဲ လျော်ကြေးငွေသား ချက်ချင်းပေးဖို့ မြန်မာအလုပ်သမားများဘက်က တောင်းဆိုနေတယ်လို့လည်း ရေးသားထားပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်ရေး အလုပ်သမားများနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

image