အွန်လိုင်းဒုစရိုက်ဂိုဏ်းများ ကန်ဒေါ်လာ (၃၇) ဘီလီယံခန့်ရရှိခဲ့
----------------------------
အရှေ့တောင်အာရှနိုင်ငံတွေမှာ လှုပ်ရှားနေတဲ့ ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၃၇) ဘီလီယံလောက်ကို အွန်လိုင်းလိမ်လည်မှုတွေကနေ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့ ကြီးက ပြောပါတယ်။
ဒါဟာ ဒေသတွင်းအာဏာပိုင်တွေက ဥပဒေစိုးမိုးရေး အားထုတ်မှုတွေ အရှိန်မြှင့် တိုက်ဖျက် နေတဲ့ကြားက ရရှိခဲ့ တဲ့ ငွေပမာဏဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကုလ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ အရှေ့တောင် အာရှဒေသတွင်းက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုဟာ အရင်ကထက် ပိုမိုမြန်ဆန်တဲ့နှုန်းတဲ့ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။
အဲဒီလုပ်ငန်းတွေဟာ ကိုဗစ်အလွန်မှာ လာအို၊ ကမ္ဘောဒီးယား စတဲ့ မဲခေါင်းဒေသတွင်း နိုင်ငံတွေမှာ ကြီးထွားလာခဲ့ပြီး ဒီနိုင်ငံတွေဟာ ခရစ်တို ငွေကြေးလိမ်လည် မှု၊ ငွေမည်းခဝါချမှု၊ အွန်လိုင်းချစ်သူ အယောင်ဆောင် ငွေလိမ်လည်မှုနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ အခြေစိုက်ရာ နေရာ တွေဖြစ်လာခဲ့တယ်လို့ ပြောပါတယ်။
ဒီလုပ်ငန်းတွေဟာ malware (မောလ်ဝဲ) ၊ အေအိုင် နည်းပညာနဲ့ deepfake နည်းပညာတွေကို သုံးပြီး အွန်လိုင်း လိမ်လည်မှုတွေ ကျူးလွန်နေကာ အဲဒီကရတဲ့ ငွေမည်းတွေကို ခဝါချဖို့အတွက် မှောင်ခိုစျေးကွက်နဲ့ ခရစ်တို ငွေကြေးစနစ်တွေကို ဖွင့်လှစ်ထားတယ်လို့ ဆိုပါ တယ်။ ဒီလုပ်ငန်းတွေထဲမှာ လူထောင်ချီ တရားမဝင် လူကုန်ကူး ခံထားရပြီး ငွေလိမ်တဲ့ နေရာတွေ၊ ကာစီနိုရုံ၊ ဟိုတယ်နဲ့ အထူးစီးပွားရေးဇုန်တွေထဲမှာ မတရားခိုင်းစေခံနေရ ကြောင်းလည်း ဖော်ပြပါတယ်။
သက်ဆိုင်ရာ အစိုးရရဲ့တွေ လက်လှမ်းမမီတဲ့ နယ်ခြားဒေသလို နေရာတွေနဲ့ အစိုးရတွေရဲ့ အုပ်ချုပ်မှုလက်တံ လျော့ရဲတဲ့ နေရာတွေမှာ ရှိနေတာကြောင့် ဒီလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆက်ကောင်းနေကာ အရှေ့နဲ့ အရှေ့ တောင် အာရှဒေသမှာ ဘဏ္ဍာရေးဆုံးရှုံးမှု ဒေါ်လာ (၈)ဘီလီယံနဲ့ ဒေါ်လာ (၃၇)ဘီလီယံကြား ဖြစ်ပေါ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။