ဆောက်လုပ်ချိန် ၁၄၄ နှစ် ကြာပြီးနောက် အဆုံးသတ်တော့မည့် ဘာစီလိုနာက နာမည်ကြီး ကက်သလစ်ဘုရားကျောင်း
==========
-စပိန်နိုင်ငံ ဘာစီလိုနာမြို့က နာမည်ကျော် Sagrada Familia ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်မှုဟာ ၂၀၂၆ ခုနှစ်မှာ ပြီးဆုံးမယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။
၁၈၈၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ အဲဒီဘုရားကျောင်းကို ကာ့တ်လန်ဗိသုကာပညာရှင် အန်တိုနီ ဂေါင်ဒီက ဒီဇိုင်ဆွဲပေးခဲ့တာပါ။
ခရစ်တော်၊ မယ်တော်မေရီ၊ တမန်တော် ၁၂ ပါး၊ ခရစ်၀င်ကျမ်းရေးသူ ၄ ဦး စတဲ့ သမ္မာကျမ်းစာပါ ပုဂ္ဂိုလ် ၁၈ ဦးကို အထိမ်းအမှတ်ပြုတဲ့ ကြောင်လိမ်တာ၀ါ ၁၈ ခု တည်ဆောက်ဖို့ ဒီဇိုင်းမှာ ပါ၀င်ပါတယ်။
လက်ရှိ ဆောက်လုပ်မှု နောက်ဆုံးပိုင်းမှာ ၀တ်ပြုခန်းမဆောင်ကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်နိုင်မှာဖြစ်ပြီး ခရစ်တော်ကို အထိမ်းအမှတ်ပြုတဲ့ မျှော်စင်က ၂၀၂၆ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။
ဒီမျှော်စင်ဟာ ၅၆၆ ပေမြင့်မှာဖြစ်ပြီး အဲဒီမှာပါ၀င်မယ့် လက်၀ါးကပ်တိုင်က ၆၅ ပေ မြင့်မှာဖြစ်ပါတယ်။ ဒီမျှော်စင်ပြီးသွားရင် ဂျာမနီက Ulm Minster ဘုရားကျောင်းကိုကျော်ပြီး ကမ္ဘာ့ အမြင့်ဆုံးဘုရားကျောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။
နှစ် ၁၄၀ ကျော်
—------------
ဗိသုကာပညာရှင် ဂေါင်ဒီကွယ်လွန်ချိန် ၁၉၂၆ ခုနှစ်မှာ Sagrada Familia ဘုရားကျောင်း ဆောက်လုပ်မှု ၁၅ ရာခိုင်နှုန်းလောက်သာ ပြီးစီးခဲ့ပါတယ်။
အဲဒီနောက် ဆောက်လုပ်မှု နှေးကွေးခဲ့ပြီး စပိန်ပြည်တွင်းစစ်ဖြစ်တဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်အတွင်း ဘုရားကျောင်းထဲက ဂေါင်ဒီရဲ့ အုတ်ဂူ ဖျက်ဆီးခံခဲ့ရပြီး သူ့ရဲ့ ဒီဇိုင်းတွေ၊ မော်ဒယ်ပုံကြမ်းတွေလည်း ပျောက်ဆုံးခဲ့ပါတယ်။
နောက်ပိုင်းမှာ မူရင်းဒီဇိုင်းကို မှီငြမ်းပြီး ပြန်လည်ဆောက်လုပ်ခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Sagrada Familia ဘုရားကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က ၀တ်ပြုခွင့်ပြုခဲ့ပါတယ်။
Sagrada Familia ဘုရားကျောင်း ဆောက်လုပ်ခွင့်ပါမစ် မတင်ခဲ့တာကို ၁၃၇ နှစ်ကြာ ၂၀၁၆ ခုနှစ်မှ ဘာစီလိုနာအာဏာပိုင်တွေ သိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးခဲ့ပါတယ်။
Ref: CNN


