ရန်ကုန်-မန္တလေး ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ
-----------------------
သဘာဝဘေးကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး လူစီးအမြန်ရထားတွေနဲ့ စာပို့ရထားခရီးစဉ်တွေကို အောက်တိုဘာလ(၃)ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီးရဲ့ အချို့ရထားလမ်း တာပေါင်နေရာတွေနဲ့ တံတားတွေ ရေတိုက်စားပြီး ပျက်စီးခဲ့တာကြောင့် စက်တင်ဘာလ(၁၁) ရက်နေ့ကစတင်ပြီး ယာယီရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
အောက်တိုဘာလ(၂)ရက်နေ့ ည ၇ နာရီ ၂၆ မိနစ် အချိန်မှာ သဲတော-သပြေတောင်းအကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရန်ကုန်-မန္တလေး ခရီးစဉ်အမှတ် (၁၁) အဆန်၊ အမှတ်(၁၂) အစုန်လူစီးအမြန် ရထားတွေနဲ့ အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပို့ရထား ခရီးစဉ် တွေကိုလည်း မူလပြေးဆွဲချိန်တွေအတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ကုန်ရထား တွေကိုလည်း အောက်တိုဘာ (၄) ရက်ကစပြီး ပုံမှန်ပြန်လည် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။