3 d - Translate

ရှမ်း-ကယားနယ်စပ် ရေကြီးတဲ့ ကျေးရွာတွေမှာ မြွေအန္တရာယ် ကြုံတွေ့နေရ

မဲခေါင်၊ အောက်တိုဘာ ၂

ရှမ်းပြည်တောင်ပိုင်း (ကရင်နီပြည် ထိစပ်ဒေသ)နဲ့ ကရင်နီပြည် ရေကြီးရေလျှံဖြစ်တဲ့ ကျေးရွာတွေမှာ မြွေအန္တရာယ် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးနဲ့ ကရင်နီပြည်တွင်း ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်တို့က ဘီလူးချောင်းဘေး တစ်လျှောက်မှာ တည်ရှိတဲ့ ကျေးရွာပေါင်း ၅ ထောင်ကျော်မှာ ရေစီးနဲ့အတူ ပါလာတဲ့ မြွေအန္တရာယ် ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

“ပန်းကန်ဆေး တန်းလန်းတောင် မြွေတွေ့တယ်။ အိမ်တွေထဲအထိ ဝင်တယ်။ ကိုက်တာတွေလည်း ရှိတယ်။ အဆိပ်မရှိရင်တော့ ဘာမှမဖြစ်ဘူး။ အခုက မြွေဆိုးတွေ ပါလာမှာစိုးလို့ လန့်နေရတာ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းနဲ့ ရေဘေးသင့် ပြည်သူတွေ ခိုလှုံနေတဲ့ အဆောက်အဦးတွေမှာ မြွေဟောက်နဲ့ မြွေပွေး အများဆုံးတွေ့ရပြီး အဆိပ်မရှိတဲ့ လင်းမြွေ၊ မြွေစိမ်း၊ ရေမြွေတွေလည်း တစ်ခါတစ်ရံ တွေ့ရတယ်လို့ ဆိုပါတယ်။

ရှမ်းတောင်အစပ်နဲ့ ကရင်နီဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးဌာနတွေလည်း ရေမြုပ်နေတာကြောင့် မြွေကိုက်ခံရပြီးနောက်ပိုင်း အချိန်မီ ဆေးကုသခွင့် မရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ကိုက်ခံရပြီဆိုရင် ဘာမြွေလဲ သိဖို့က အရေးကြီးတယ်။ ဒီလို ID ခွဲဖို့ဆိုတာ အင်တာနက်က ရဦးမှ။ ပြီးတော့ မြွေဆိပ်ဖြေဆေးလည်း မရှိဘူး။ ဖြေဆေးက ကျနော်တို့မပြောနဲ့ အရင်တုန်းကဆို အစိုးရဆေးရုံတွေတောင် မရှိဘူး” လို့ စစ်ဘေးရှောင် တာဝန်ခံတစ်ဦးက ပြောပါတယ်။

အလားတူ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာလည်း ရေကြီး၊ ရေလျှံမှု နောက်ဆက်တွဲအဖြစ် လူနေအိမ်တွေမှာ မြွေဆိုးတွေ ဝင်ရောက်လာတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးဒေသတွင်းမှာ ရေကျစေဖို့အတွက် စစ်ကောင်စီက မိုးဗြဲရေကာတာကို နေ့စဉ်ရက်ဆက် ဖောက်ချနေပေမယ့် မနေ့(အောက်တိုဘာ ၁)ကစပြီး မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် အင်းလေးဒေသတွင်းမှာ ရေမကျတဲ့အပြင် ကရင်နီပြည်မှာ ရေဆက်လက်မြင့်တက်နေတယ်လို့ စုံစမ်း သိရပါတယ်။

image