12 w - Translate

ပညာရှိကြီးရဲ့ ဆရာ့ ဆရာ (၃) ယောက်😊
---------------------------

တစ်ခါတုန်းက နာမကျန်းဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးနေ့ရက်တွေဆီကို ရောက်ရှိလို့လာတဲ့
ပညာရှိ သူတော်စင်ကြီးတစ်ယောက်ကို တပည့်ဖြစ်သူက
မေးလိုက်တယ်။

" သိခွင့်ရှိရင် ဆရာ့ကို သင်ပြပေးခဲ့တဲ့ ဆရာ့ရဲ့
ဆရာတွေအကြောင်း သိချင်မိပါတယ် ဆရာ"

" ငါတပည့်.... တစ်ကယ်ဆို ဆရာသင်ယူ ဆည်းပူးခဲ့ရတဲ့
ဆရာတွေက များပြားလွန်းလှတဲ့အတွက်
တစ်ယောက်ချင်းစီရဲ့ အကြောင်းပြောပြဖို့ရင်
လတွေနဲ့ချီပြီး ကြာမြင့်နေလိမ့်မယ်။
ဒါကြောင့် ဆရာ သင်ယူ ဆည်းပူးခဲ့ရတဲ့ အထဲက
အရေးအကြီးဆုံးနဲ့ အမှတ်အရဆုံး
ဆရာ(၃)ယောက်အကြောင်း
ငါ့ တပည့်ကို ဆရာပြောပြမယ်"😊

ပထမဆုံးဆရာ
************
ဆရာရဲ့ပထမဆုံးဆရာက
သူ ခိုးတစ်ယောက်ဆိုရင် ငါ့တပည့် ယုံပါ့မလား....

တစ်ခါက ဆရာခရီးသွားရင်း တောထဲမှာ မျက်စိလည်လမ်းမှားသွားတဲ့အတွက်
ညဉ့်နက် မှ ရွာတစ်ရွာကိုရောက်ခဲ့တယ်။
အဲ့ဒီတုန်းက ရွာတံခါးဟာ ပိတ်သွားခဲ့ပြီဖြစ်သလို
ရွာအပြင်မှာလဲ တစ်ယောက်တစ်လေမှ မရှိကြတော့ဘူး။
ဒါနဲ့ ရွာအပြင်မှာ အိပ်ဖို့နေရာ ရှာဖွေနေတဲ့အချိန်မှာ
ရွာခြံစည်းရိုးကို ဖောက်ပြီး ဝင်ဖို့ ကြံစည်နေတဲ့
လူတစ်ယောက်နဲ့ တွေ့တယ်။

အဲ့ဒီလူကို အကြောင်းစုံပြောပြပြီး
အကူအညီတောင်းခံတဲ့အခါ
ဒီအချိန်မှာ နေစရာတစ်နေရာ
ရှာဖို့ဆိုတာ မလွယ်ကူတော့တဲ့အကြောင်း၊
သူခိုးတစ်ယောက်နဲ့ နေဖို့ အခက်အခဲမရှိဘူးဆိုရင်တော့
သူနဲ့ လိုက်နေနိုင်ကြောင်း ပြောခဲ့တယ်။
ဒါကြောင့်ပဲ သူနဲ့ ရက်အတော်ကြာ
လိုက်နေဖြစ်တယ်ပဲ ဆိုပါတော့....

ညစဉ်တိုင်း သွားမခိုးခင်မှာ သူက ဒီလို အမြဲပြောလေ့ရှိတယ်။

"ငါ အလုပ် သွားလုပ်လိုက်ဦးမယ်။
မင်းကတော့ ငါအဆင်ပြေဖို့ ဆုတောင်းပေးရင်း
နားနားနေနေ နေခဲ့ပေါ့ကွာ"

ညစဉ် သူပြန်လာတဲ့ အချိန်တိုင်း ဆရာက မေးတယ်။

"ခင်ဗျား ဒီနေ့ အဆင်ပြေခဲ့ရဲ့လား"

"ဒီညတော့ အဆင်မပြေခဲ့ဘူးကွာ။
နောက်နေ့ ဒီထက် ပိုကြိုးစားရတာပေါ့" လို့
အမြဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလေ့ရှိတယ်။

သူမျှော်လင့်တာတွေ ဖြစ်မလာပေမယ့်
လောကကြီးကို စိတ်မပျက်ပဲ နေ့ရက်တိုင်းကို
အမြဲပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းခဲ့တဲ့ လူတစ်ယောက်ပေါ့။

အဲ့ဒီ အဖြစ်အပျက်ပြီးတဲ့နောက် ဆရာ တရားကျင့်တာ
အချိန်အတော်ကြာတဲ့အထိ ထူးခြားတဲ့ဉာဏ်နဲ့
အမြင်ကို မရဘူးဖြစ်နေခဲ့တယ်။
ဒီလိုနဲ့ လူက စိတ်ဓါတ်ကျပြီး
တစ်ဖြည်းဖြည်း မျှော်လင့်ချက် မဲ့လာတယ်။
တရားထိုင်ခြင်း အလုပ်ကို စွန့်လွှတ်လိုက်တော့မယ်အလုပ်မှာ
သူခိုးဖြစ်တဲ့ ဆရာ့အကြောင်း ပြန်တွေးမိတယ်။

"အခု အဆင်မပြေသေးလည်း
မနက်ဖြန် ဒီထပ်ပိုကြိုးစားတာပေါ့" ဆိုတဲ့
စကားလေးတစ်ခွန်းကြောင့် ဒီနေ့ တပည့်တို့ဆရာ
ဖြစ်လာရတာ။

❤❤
ဒုတိယဆရာ
*********
တစ်ခါက ဆရာ မြစ်ကမ်းနံဘေးမှာ
စိတ်ပြေလက်ပျောက် သွားထိုင်တုန်း
ရေ အရမ်းဆာနေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့တယ်။

ပထမမှာ အဲဒီခွေးလေးဟာ ရေကို အငမ်းမရ သောက်ဖို့
မြစ်ဆီ ပြေးလာတယ်။ ရေသောက်မယ် ပြင်လိုက်တာနဲ့
ရေထဲက သူ့အရိပ်ကိုမြင်ပြီး ကြောက်ရွံ့စွာ ဟောင်တယ်။
ပြီးရင် ကုန်းပေါ်ကို ပြန်ပြေးတယ်။ ဒါပေမယ့် ခွေးကလေးဟာ
ဝေးဝေးကို ပြန်မပြေးနိုင်ရှာဘူး။ သူက ရေ အရမ်း
ဆာနတောကိုး။

ဒီလိုနဲ့ ရေပြင်ဆီ လာလိုက် ဟောင်ပြီး
ကုန်းပေါ်ကို ပြန်ပြေးလိုက်
အကြိမ်ကြိမ် ဗျာများနေရှာတယ်။
နောက်ဆုံး ရေငတ်တဲ့ဝေဒနာကို
မခံစားနိုင်တော့တဲ့ အဆုံးမှာ ခွေးကလေးဟာ
မြစ်ရေပြင်ထက်ကို ခုန်ချလိုက်တော့တယ်။

ဒီ ဒုတိယ ဆရာက ဘယ်လိုပဲဖြစ်ဖြစ် အကြောက်တရားတွေကို ရင်ဆိုင်ပြီး
ရှေ့ဆက်ရမယ်ဆိုတဲ့ သင်ခန်းစာ ဆရာ့ကိုပေးခဲ့တယ်။

❤❤❤
တတိယဆရာ
***********
တစ်ခါ ဆရာ မြို့တစ်မြို့ကိုသွားတော့
လမ်းမှာ မီးထွန်းထားတဲ့ ဖယောင်းတိုင်လေးကို ကိုင်ပြီး
လျှောက်လာနေတဲ့ ကလေးငယ်တစ်ယောက်ကို တွေ့တယ်။

ဆရာက အဲဒီကလေးလေးကို မေးတယ်။

"သား ဒီဖယောင်းတိုင်ကို သားကိုယ်တိုင်ညှိယူ လာတာလား"

"ဟုတ်ကဲ့" ကလေးကပြန်ဖြေတယ်။

"ဒါဆို ဒီဖယောင်းတိုင်ရဲ့ အလင်းဟာ မထွန်းညှိခင်က
သူ့ဆီမှာ ရှိမနေဘူး မဟုတ်လား။ ဒါဆို အခုလင်းနေတဲ့
အလင်းက ဘယ်က ရောက်လာတယ်လို့ သားထင်သလဲ" ဆိုပြီး မေးလိုက်တဲ့အခါ...

ကလေးက ရုတ်တရက် ဖယောင်းတိုင်ကို မှုတ်လိုက်ပြီး
ပြောတယ်။

"အခုဆို ဦးလေးကြီး မေးတဲ့ အလင်းဟာ
သူလာတဲ့နေရာဆီ ပြန်ရောက်သွားပါပြီ"

ကလေးငယ်ရဲ့အဖြေကို ကြားမိတဲ့ အခိုက်မှာ
ဆရာ့အနေနဲ့ အလွန်ပဲ ရှက်မိသွားတယ်။
ငါက အကြီးမို့ ငါပဲ ပိုသိတယ် ငါကပဲ ပိုတတ်ဆိုတဲ့
မှားယွင်းတဲ့ အတ္တတွေကိုလည်း အဲ့ဒီနေ့က စပြီး
ဖယ်ထုတ်လိုက်မိတော့တယ်။

💘
တကယ်ဆို ဒီကမ္ဘာကြီးမှာ သင်ယူစရာ သင်ခန်းစာတွေဟာ
များပြားလွန်းလှတယ် တပည့်။
ဘယ်လို အထင်ကရကျောင်းက သင်ယူတယ်...
ဘယ်လို ထင်ရှားတဲ့ လူပုဂ္ဂိုလ်ဆီက
သင်ယူတယ် ဆိုတာထက်...
ဘယ်လို သင်ယူမယ်..
ဘယ်လို ခံယူမယ်...ဆိုတဲ့ သင်ယူချင်စိတ် ကသာ
အရေးအကြီးဆုံးလို့ တပည့်ကို ဆရာက သိစေချင်မိတာ။

credit(မှတ်စုကြမ်း)

Read less

image