6 d - Translate

မက္ကဆီကိုတွင် ဟာရီကိန်းဂျွန်ကြောင့် ၂၀ ကျော်သေဆုံး
---------------
မက္ကဆီကိုနိုင်ငံမှာ တစ်ပတ်ကြာဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဂျွန်ကြောင့် လူ ၂၂ ဦးသေဆုံးကာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာ မုန်တိုင်း ပျောက်ကွယ်သွား‌ပေမယ့် နိုင်ငံအနောက်တောင်ပိုင်းမှာ ဟာရီကိန်း အကြွင်းအကျန်တွေကြောင့် စက်တင်ဘာ ၂၈ ရက်က ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

အဆိုးရွားဆုံး မုန်တိုင်းဒဏ်ခံရတဲ့ မက္ကဆီကိုရဲ့ အဆင်းရဲဆုံးပြည်နယ် ဂူအဲရီယိုမှာ လူ ၁၈ ဦး သေဆုံးပြီး အများစုဟာ နေအိမ်တွေပေါ် ရွှံ့မြေတွေ ပြိုကျမှုကြောင့် ဖြစ်ပါတယ်။

တောင်ဘက် အော်ဆာကာမှာ လူ ၃ ဦး၊ မီချိုအာကန်ပြည်နယ် မြောက်ဘက်က မြစ်တစ်စင်းမှာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဂူအဲရီအိုအတွင်းကိုဝင်မလာခင် ဂျွန်ဟာ စက်တင်ဘာ ၂၃ ရက်မှာ ကြီးမားတဲ့ ဟာရီကိန်းမုန်တိုင်းအဖြစ်ကို လျင်မြန်စွာ အားကောင်းလာခဲ့ပြီး အဲ့ဒီနောက် ကမ်းလွန်ပင်လယ်ပြင်မှာ ပျောက်ကွယ်သွားပါတယ်။

ရက်သတ္တပတ်ရဲ့ ကျန်ရက်တွေအတွင်း မြောက်ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဂူအဲရီယိုပြည်နယ်ရဲ့ အဓိက အပန်းဖြေမြို့ အက်ကာပူလ်ခိုမှာ အရေးပေါ်တုံ့ပြန်သူတွေဟာ လှေ၊ ဂျက်စကီးနဲ့ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး နေထိုင်သူတွေဟာ ခါးအထိရေလျှံနေတဲ့ လမ်းတွေကိုဖြတ်သန်းသွားလာနေကြရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဟာရီကိန် အိုတစ်ဟာ အက်ကာပူလ်ခိုကို အမျိုးအစား ၅ မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးကာ ဒေါ်လာ ဘီလီယံချီ ပျက်စီးစေခဲ့ပါတယ်။ ဒါပေမယ့် ဂျွန်ရဲ့ မိုးရေချိန်ဟာ အိုတစ်ရွာချခဲ့တဲ့ မိုးရေချိန်ထက် သုံးဆနီးပါး များတယ်လို့ သိရပါတယ်။

image