6 d - Translate

နောက်တစ်ပတ်ခန့် မြန်မာနိုင်ငံအနှံ့အပြား မိုးကြီးဦးမည်
---------------------------
ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေ နဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံ အနှံ့အပြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီအချိန် အထူးမိုးလေဝသ သတင်းအဖြစ် ထုတ်ပြန်ချက်အရ သိရတာပါ။

စက်တင်ဘာ ၂၈ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျား လာတဲ့လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေ နဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့
လေအေးတွေ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသ အလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ် နိုင်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာလျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူ‌တွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး နဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image