1 w - Translate

ကုလအထွေထွေညီလာခံတွင် ဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြား
-----------------------
ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူရဲ့နောက်ဆုံး ကုလမိန့်ခွန်းတစ်ရပ်ကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ရုရှားရဲ့ ယူကရိန်း စစ်ဟာ ကျရှုံးခဲ့ကြောင်း ကြေညာသွားခဲ့ပြီး အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာတို့ကြားမှာ သံတမန် ရေးနည်းလမ်းနဲ့ အဖြေရှာရေး ဖြစ်နိုင်ခြေ ရှိနေသေးကြောင်း ပြောသွားခဲ့ပါတယ်။

ရာထူးသက်တမ်း ကုန်ဆုံးဖို့ လေးလသာ လိုတော့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်း ၊ ဂါဇာကမ်းမြောင်နဲ့ ဆူဒန် စတဲ့နေရာတွေမှာ စစ်ဖြစ် နေဆဲမှာပဲ ကုလစင့်မြင့်ထက်မှာ မိန့်ခွန်းပြောကြားခဲ့တာပါ။ တင်းမာမှုတွေ အရှိန်မြင့် တက်နေခဲ့ရင်တောင်မှ အလုံးစုံစစ်ဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိကြောင်းနဲ့ သံတမန်ရေးနည်းနဲ့ အဖြေရှာမှုက ဖြစ်နိုင်နေဆဲဖြစ်တယ်လို့ ညီလာခံမှာ ဘိုင်ဒန်က ပြောသွားပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ်တို့အနေနဲ့ ဂါဇာအပစ်ရပ်ရေးနဲ့ ဓားစာခံလွှတ်ပေးရေး သဘောတူညီချက်တစ်ခုကို အပြီးသတ် ကြဖို့လည်းတောင်းဆိုခဲ့ရာမှာ ညီလာခံပရိသတ်ထံကနေ လက်ခုပ်ဩဘာသံတွေထွက်ပေါ်လာခဲ့ပါတယ်။ သတင်း ကောင်းတစ်ရပ်ကတော့ ပူတင်ရဲ့ စစ်ဟာ လုံး၀ရှုံးနိမ့်ခဲ့ကြောင်း၊ ယူကရိန်းကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ယူကရိန်း ဟာ လွတ်လပ်နေဆဲဖြစ်ကြောင်းနဲ့ ရေရှည်ခံပြီး တရားမျှတဲ့ ငြိမ်းချမ်းရေးကို ယူကရိန်းက မရမချင်း ယူကရိန်း အပေါ် ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဘိုင်ဒန်က ပြောသွားပါတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စ၊ အီရန်အနေနဲ့ နျူလက်နက် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရအောင် သေချာလုပ်ရမယ့် အရေးကိစ္စတွေကို ပြောကြားခဲ့သလို ဆူဒန်ပြည်တွင်းစစ် ချက်ချင်းရပ်ဖို့အတွက် စစ်မက် ရင်ဆိုင်တိုက်ခိုက်နေတဲ့ ဆူဒန်ခေါင်းဆောင်တွေကိုလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တင်းတင်းမာမာ သတိပေးသွားခဲ့ပါတယ်။

image