1 w - Translate

အမြင်အာရုံ အားနည်းသည့် ကလေးဦးရေ တိုးပွားလာ
---------------------
ကလေးငယ်တွေရဲ့ အမြင်အာရုံသန်စွမ်းမှုဟာ တဖြည်းဖြည်းကျဆင်းလာနေပြီး ကလေး ၃ ယောက်မှာ တစ် ယောက်ဟာ အဝေးမှုန်တာ ဒါမှမဟုတ် အဝေးက အရာ၀တ္ထုတွေကို ရှင်းလင်းစွာ မမြင်နိုင်တာတွေ ကြုံတွေ့ နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သုတေသနစစ်တမ်း တစ်ရပ်က ပြောပါတယ်။

အဲဒီလေ့လာမှုအရ ကိုဗစ်လော့ဒေါင်းကာလအတွင်းမှာ ဖန်သားပြင်မှာပဲ အာရုံစိုက် အချိန်ကုန်ပြီး ပြင်ပလှုပ်ရှားမှု သိပ်မရှိတဲ့အတွက် အဲဒီလော့ဒေါင်းကာလတွေဟာ ကလေးတွေရဲ့ အမြင်အာရုံအပေါ် အနုတ်သဘောသက်ရောက် မှုတွေရှိခဲ့တယ် ဆိုပါတယ်။ အဝေးမှုန်တာဟာ ကြီးထွားလာနေတဲ့ ကမ္ဘာ့ကျန်းမာရေး စိုးရိမ်ချက်တစ်ခုဖြစ်ပြီး ၂၀၅၀ ပြည့်နှစ် ရောက်ချိန်မှာ ကလေးငယ် သန်းပေါင်းများစွာမှာ ဖြစ်လာနိုင်ခြေရှိနေတယ်လို့ သတိပေးထားပါတယ်။

စစ်တမ်းအရ အာရှဒေသမှာ အဝေးမှုန်သူများပြီး ဂျပန်မှာ ကလေးတွေရဲ့ (၈၅) ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားမှာ ကလေး တွေရဲ့ (၇၅)ရာခိုင်နှုန်းလောက်ဟာ အဝေးမှုန်နေကြပြီးတော့ တရုတ်နဲ့ ရုရှားမှာတော့ ကလေးငယ်တွေရဲ့ (၄၀) ရာခိုင်နှုန်းဟာ အဝေးမှုန်တဲ့ အမြင်အာရုံဆိုင်ရာပြဿနာကို ကြုံတွေ့နေရတယ် ဆိုပါတယ်။ ပါရာဂွေးနဲ့ ယူဂန္ဓာလို နိုင်ငံတွေမှာတော့ ကလေး တစ်ရာခိုင်နှုန်းမှာပဲ အဝေးမှုန်ဖြစ်တယ်လို့ ဆိုပါတယ်။

အဝေးမှုန်တာဟာ မူလတန်း အရွယ်မှာ အစပြုလေ့ရှိပြီး မျက်လုံး ဖွံ့ဖြိုးကြီးထွားမှု ရပ်တန့်သွားတဲ့ အသက် (၂၀) လောက်ထိ ကာလအတွင်းမှာ ပိုမိုဆိုးရွားလာလေ့ရှိပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းဟာ မိဘတွေရဲ့ မျိုးရိုးဗီဇကြောင့်လည်းဖြစ်ပြီး တစ်ဖက်မှာတော့ စင်ကာပူလို တရုတ်ဟောင်ကောင်လို ဒေသတွေမှာ အသက် (၂)နှစ်မှာ ကျောင်းပညာရေးကို စတင်ကြတာကြောင့်လို့လည်း စစ်တမ်းက မှတ်ချက်ပြုပါတယ်။

ငယ်နုနေသေးချိန်မှာ ကလေးတွေဟာ စာအုပ်နဲ့ ဖန်သားပြင်တွေကို အာရုံစိုက် ဖတ်ရတာကြောင့် မျက်လုံးကြွက် သားတွေထိခိုက်ပြီး အဝေးမှုန်ရတာဖြစ်တယ်လို့ သုတေသနစစ်တမ်းက ပြောပါတယ်။ အသက် (၆)နှစ်လောက်မှ ကျောင်းပညာရေးစတဲ့ အာဖရိကနိုင်ငံတွေမှာတော့ အဝေးမှုန်တာဟာ အာရှဒေသမှာထက် (၇)ဆလောက် ဖြစ် နှုန်းလျော့နည်းတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် သုတေသနစစ်တမ်းက ပြောပါတယ်။

image