{ ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း }
Part(2)
ငစည်ရှာ ရာဇ၀င်ကြီးတွင် အဓိက ဇာတ်၀င်ခန်း(၂၁)ခန်း ပါ၀င်သည်။ ပထမဆုံး အကသမား၏ အာသီသ နိဒါန်းကိုပြောဆိုပြီး ကျောက်ရိုးသိုက်ကို ရွတ်ဖတ်ပြီးမှ ဇာတ် ၀င်ခန်း(၂၁)ခန်းတို့မှာ အစဉ်အတိုင်း ကပြရသည်။ ဇာတ်၀င်ခန်း (၂၁) တို့မှာ-
(၁) သီရိသုဓမ္မာရာဇာ (မင်းဟရီ) မိဖုရားရွေးကောက်ရန် အမတ်တို့နှင့်တိုင်ပင်ခန်း။
(၂) တင်း၀စားအမတ်မှ သမီးဝါလှဖြူ(နတ်သျှင်မယ်)ကိုဆက်သခန်း။
(၃) ငကုသလ ငခွေးချေ လောင်းကြက်မြို့ကို စားရခန်း။
(၄) လောက်းကြက်စားအမတ် ငကုသလ ငခွေးချေ မြောက်ဦးမြို့သို့ လူပျိုလှည့်သွားခန်း။
(၅) မိဖုရားဝါစိုးဖြူ(နတ်သျှင်မယ်)နှင့်လောင်းကြက်စားအမတ်တို့ သင့်မြတ်ခန်း။
(၆) ငစည်ရတတ်သူကို ရှာဖွေခန်း။
(၇) ပါရဲဘ ငစည်ရှာရန် လက်ခံခြင်း။
(၈) ခရီးထွက်လာရာ ဟင်းခရော်ရွာတွင် ညအိပ်ခန်း။
(၉) ရခိုင်(၄၄)ကျွန်းတွင် ငစည်ရှာခန်း။
(၁၀) ဗေဒင်မေးခန်း။
(၁၁) ပါရဲဘနှင့် ဘူးဝေမိ အပြန်အလှန်မှာခန်း။
(၁၂) အနောက်ပြည်သို့ ငစည်ရှာထွက်ခန်း။
(၁၃) နတ်မေးခန်း။
(၁၄) “ အောင်ကျော်ဖြူ” တစ်ခန်းရပ် ကြားညှပ်ပြဇာတ်။
(၁၅) မာန်အောင်ကျွန်းသို့ ကူးခန်း။
(၁၆) သစ်ပုံချောင်းသို့ ရောက်ခန်း။
(၁၇) မာန်အောင်သူမတို့ ငါးသဲ့ခန်း။
(၁၈) ဘုရင်နတ်ရွာစံခန်း။
(၁၉) သားတော် အဆိပ်သင့်၍ သေခန်း။
(၂၀) ငကုသလ နန်းတက်၍ မိဖုရား ဝါစိုးဖြူ (နတ်သျှင်မယ်)ကိုနှင်ထုတ်ခန်း။
(၂၁) ငကုသလ နတ်ရွာစံခန်း နှင့် အကသမား၏ အာသီသ နိဂုံးချုပ်စကား တို့ပင်ဖြစ်သည်။
ဤနေရာ၌ ငစည်ရှာပြဇာတ်ကို အသေးစိတ်ဖော်ပြရလျှင် နေရာတော်တော်များများ ယူရမည်ဖြစ်၍ အများပြည်သူများ သံဝေဂပွားများနိုင်ရန်အတွက် ပြဇာတ်၏ အကျဉ်းချုပ်ကိုသာ တင်ပြလိုက်ရပါသည်။
ပြဇာတ်၏အစတွင် သီရိသုဓမ္မရာဇာ(မင်းဟရီ) မင်းကြီး ထီးနန်းစိုးစံသည်။ ဘုရင်တွင် မိဖုရား မရှိသေး၍ ထိုက်တန်သူကို မိဖုရားခေါင်ကြီး ရွေးချယ်တင်မြှောက်ရန် ပညာရှိအမတ်တို့နှင့် တိုင်ပင် တော်မူသည်။ အမတ်များက တင်း၀စားအမတ်ကြီး၏သမီး “ဝါလှဖြူ” သည် မိဖုရားအရာနှင့် ထိုက်တန် အောင် ချောမောလှပကြောင့် လျှောက်ထားကြသည်။ ဘုရင်ကလည်း သဘောကျသဖြင့် ဝါလှဖြူကို “ ဝါစိုးဖြူ(နတ်သျှင်မယ်) အမည် နှင့် မိဖုရား အရာအပ်နှင်းသည်။
လောင်းကြက်စား ငကုသလအမတ်ကြီးသည် မိဖုရားအဖြစ် ရွေးချယ်ရန် သီရိသုဓမ္မရာဇာ၏ မိဖုရား ဝါစိုးဖြူ(နတ်ရှင်မယ်) ကိုမြင်ယောင်မိသည်။ လောင်းကြက်မြို့ကို အမတ်တို့အားအပ်ပြီး မြောက်ဦးမြို့သို့ လူပျိုလှည့်ရန် ထွက်ခဲ့သည်။
မြောက်ဦးတွင် မိဖုရားနှင့်သင့်မြတ်ပြီး ဘုရင်သီရိသုဓမ္မရာဇာကို အင်းအိုင်၊ယတြာနည်းဖြင့် လုပ်ကြံရန် အမတ်အချို့နှင့် တိုင်ပင်ကြသည်။ အင်္ဂါသား သီရိသုဓမ္မရာဇာအား ဗုဒ္ဓဟူးသား ငကုသလ ငခွေးချေက နံနှိမ်ရန် အင်္ဂါနံ”ငစည်” ကို နန်းတော်သို့တင်ရန်အကြံ ပေးသည်။ ငစည်ကို နံနှိမ်ခြင်းဖြင့် ဘုရင် သီရိ သုဓမ္မရာဇာကို သေစေရန် ဖြစ်သည်။ မိဖုရားဝါစိုးဖြူ(နတ်သျှင်မယ်) သည် ဘုရင်ကို မလို လောင်းကြက် စားကိုသာလို၍ ငစည်ရနိုင်သူကို ရှာဖွေခိုင်းသည်။
ထိုအခါ ဘူးပင်ရွာမှ “ ပါရဲဘ” ဆိုသူ ဆင်းရဲသားသည် ငစည်ရှာရန် လက်ခံပြီး ယောက်ဖကို အဖော်ခေါ်ကာ ငစည်တွေ့နိုင်မည်ထင်သော နေရာများကို လှေငယ်တစ်စင်းဖြင့် ခရီးထွက်လာရာ ဟင်းခ ရော်ရွာသို့ ရောက်သည်။ ထိုမှ ရခိုင်(၄၄) ကျွန်းသို့ လှည့်လည်ရှာဖွေသည်။ မြောက်ဦးတွင် ငစည်မရနိုင်၍ ဗေဒင်ဆရာထံသွားမေးရာ အနောက်ပြည်တွင် ရနိုင်မည်ဖြစ်ကြောင်း ဟောသည်။ အနောက်ပြည် သို့ ခရီးမသွားမီ ပါရဲဘသည် ဇနီးသည်” ဘူဝေမိ” ထံသွား၍ အပြန်အလှန် မှာကြားကြသည်။ ထို့နောက် အနောက်ပြည်သို့ ခရီးမသွားမီ ပါရဲဘ သည် ပင်လယ်ကိုဖြတ်၍ မာန်အောင်ကျွန်းသို့ ကူးခဲ့ကြသည်။
မာန်အောင်ကျွန်းတွင်လည်း ငစည်ရှာမရ၍ နောက်ဆုံးလက်လျော့ပြန်ခဲ့ကြသည်။ မိဖုရား၏ အလိုကျရှာခိုင်းသော ငစည်ဖြစ်၍ မရဆိုသည်ကို မကြားလိုဟု ဘုရင်က အမိန့်ချမှတ်ရာ အမတ်ငမှန် ကန်သည် ရွှေစင်(၁)ပိဿာကို ငစည်ငါးရုပ်ထုလုပ်၍ ဆက်သရာ နံနှိမ်ထားသဖြင့် သက္ကရာဇ် (၁၀၀၀)ပြည့် နယုန်လဆုတ်(၂) ရက်တနင်္လာနေ့တွင် ဘုရင် သီရိသုဓမ္မရာဇာ ကံကုန်ရှာသည်။ သီရိသုဓမ္မရာဇာ နန်းသက်(၁၆) နှစ်ရှိခဲ့သည်။ သားတောင်စနေမင်း နန်းတက်ပြန်သည်။ နန်းတက်၍ တစ်ပတ်အကြာတွင် ကျောက်ကြီးရောဂါ စွဲကပ်လေသည်။ နတ်ရှင်မယ်သည် ငကုသလအမတန်နှင့် တိုင်ပင်ပြီး နန်းတော်၏ အရှေ့မြောက်ထောင့် “ ၀င်းစား မ” အရပ်သို့ ယာယီရွှေ့ပြောင်းစံစေ၏။ ဤသို့စံနေစဉ် မယ်တော်နတ် ရှင်မယ်သည် ဆေးထဲ၌ အဆိပ်ခတ်၍ သားတော်ကိုသတ်လိုက်သည်။ မင်းစနေသည် နန်းသက်ရက်(၂၀) ရှိခဲ့သည်။
ထိုအခါမှ လောင်းကြက်စား ငကုသလ ငခွေးချေသည် သက္ကရာဇ် (၁၀၀၀) ခုနှစ်တွင် “ နရပတိ” ဟူသော အမည်ဖြင့် မြောက်ဦး နန်းကို သိမ်းပိုက် အုပ်ချုပ်လေသည်။ ထို့နောက် သားကိုမကြင် လင်ကိုမတွယ်တာသော မိန်းမယုတ် နတ်သျှင်မယ်ကို နန်းတော်မှ နှင်ထုတ်ကာ တောဇနပုဒ်တွင် သေရသည်။ နန်းတက်၍ (၇) နှစ်အကြာတွင် ငကုသလ ငခွေးချေလည်း နတ်ရွာစံလေသည်။ ဤနန်းတွင်း အရှုပ်အထွေးကြောင့်ပင် ရခိုင်ရာဇ၀င် သည်တစ်မျိုးတစ်ဖုံ ပြောင်းသွားရသည် ဟု ထင်သည်။ ဤသည်ပင် လျှင် ငစည်ရာဇ၀င် အကျဉ်းချုပ်ဖြစ်သည်။
ဤဆောင်းပါးကို တင်ပြရသောကြောင့် ရခိုင်သူရခိုင်သားများအတွက် ပျောက်ကွယ်နေသော ရတနာတစ်ပါးကို ပြန်ရသကဲ့သို့ ထင်မှတ်ပါက ဆောင်းပါးရေးရ ကျိုးနပ်ပါမည်။ ရခိုင်သူ ရခိုင်သားများ၊ သမိုင်းဗဟုသုတ၊ ယဉ်ကျေးမှု ဗဟုသုတ၊လူမျိုးရေးဗဟုသုတ များကို ရှာဖွေတိုးတက်၍ အမျိုးဂုဏ် ဇာတိ ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေ။
ကျမ်းကိုးစာရင်းများ
(၁) မောင်တင်မောင်ဌေး – ရခိုင်ယဉ်ကျေးမှုသုတေသနစာတမ်း။
(၂) နတ်မောက်ဘုန်းကျော် – နတ်ရှင်မယ်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လထုတ် ရခိုင်
အာဇာနည် အထူးထုတ်၊ မြ၀တီမဂ္ဂဇင်း။
(၃) ဦးမင်းနိုင် – ပြည်ထောင်စု အကပဒေသာ။
(၄) ရမ်းဗြဲတောင်ကျောင်းဆရာတော် – ရခိုင်ရာဇ၀င်သစ်ကျမ်းစာအုပ်။
(၅) ရမ်းဗြဲတောင်ကျောင်းဆရာတော် – ရဇက္ကမသင်္ခေပကျမ်း။
#ရမ္မာဝတီ-ဇီဝဇိုး (မူရင်းဆောင်းပါးရှင်) နှင့် လိုင်းပေါ်သို့ ပထမဆုံးတင်ခဲ့သူအား လေးစားစွာဖြင့်။