2 w - Translate

နွေနဲ့မိုးကို တစ်ရက်တည်းမှာ တစ်လှည့်စီပေါ်လာနိုင်လောက်စေတဲ့အထိ
ရာသီဥတုတွေ အပြောင်းအလဲတစ်အားမြန်လာတဲ့ မြေကမ္ဘာပါ....။

အပျက်ပျက်နဲ့ပဲ နှာခေါင်းသွေးထွက်ခဲ့ကြတဲ့အရေးတွေဟာ
တို့တွေ ကမ္ဘာမှာ များလှပြီပဲမလား.....။

မုန်းကြရတယ်....
ရှုံးကြရတယ်....။

အသက်ဆက်ရင်း အနေခက်ကြမယ်
အနေခက်ရင်းနဲ့ပဲ အသက်ဆက်ကြရတယ်....။

အသက်ရှင်နေလို့ အသက်ရှူနေရတာလား....
အသက်ရှူနေလို့ပဲ အသက်ရှင်နေကြတာလား.....တွေးရင်း...ငေးရင်း
နှစ်ပေါင်းများစွာဟာ သူ့အလိုလိုပဲ ထပ်ပြီးခရီးနှင်သွားပါလိမ့်ဦးမယ်....။

ကမ္ဘာကြီးဟာ ဘယ်လောက်ကျယ်ပြန့်ဝေးကွာသွားသလဲဆိုရင်
တစ်ယောက်နဲ့တစ်ယောက်တောင်မှ
အရင်လို ပြေးမတွေ့နိုင်ကြတော့ဘူးမလား။

သတင်းမသိရခြင်း ....သတင်းမရလေခြင်းဆိုတာဟာ
ကောင်းသောသတင်းရှိနှင့်နေခြင်းရယ်လို့ပဲ သတ်မှတ်ပါရစေ....။

ခုတစ်လော
မိုးတွေရွာတယ်
လေတွေတိုက်တယ်
တိမ်တွေမည်းတယ် ဝေ.....။

မည်မည်ရရသိပ်မရှိလှပါသော မျှော်လင့်ချက်တစ်ဝက်တစ်ပျက်နဲ့ပဲ
ကိုယ်တို့ကတော့ ဖက်တွယ်နေနေကြတုန်းပါပဲ....။

စကားမစပ်.....
နေကြာတွေမပျော်ဘူး....ဆိုတာဟာ
ဥယျာဥ်မှူးမတော်လို့မဟုတ်ဘူး....ဆိုတဲ့စာလေးဖတ်မိတော့
ကိုယ်အလိုလိုပြုံးရတယ် ဝေရယ်....။

ဝေ သိတယ်မလား
နေကြာ မျှော်တဲ့နေဟာ ကိုယ် မဖြစ်ခဲ့ရတာကိုလေ....။

ချစ်ခင်မြတ်နိုးခဲ့ရဖူးပါသော ဝေ....
တစ်ပြည်တစ်ရွာမှာ အဆင်ပြေပြေနေနိုင်ပါစေ ....။
တစ်ဦးတစ်ယောက်ဆီမှာပဲ ထာဝရအခြေချနိုင်ပါစေ....။

သံသရာကတော့ရှုပ်ထွေးတယ်
ထပ်တွေ့ဖြစ်ရင်လည်းဖြစ်မယ်
ထပ်မတွေ့ဖြစ်ရင်လည်းမဖြစ်ဘူးပေါ့.....။

တစ်ချို့သော ကမ္ဘာအဆက်ဆက်...ဆိုတာက
ပြန်တွေ့ဖို့မဟုတ်ပဲ ကွေကွင်းဖို့ဆိုတာလည်း ရှိတတ်တယ်မလား....။

မနက်ဖြန်တွေဟာ ကိုယ့်ဆီရောက်လာဖို့
ရာနှုန်းပြည့်သေချာပါရဲ့လား....ဆိုတာ....
သိပ်မသေချာတော့သော ကမ္ဘာကနေ
နှုတ်ဆက်ပါတယ် ဝေရေ....
နှုတ်ဆက်လိုက်ပါတယ်.....။

#ညတာရာလင်း

image