2 w - Translate

လောကမှာငွေ
---------------
“ငွေသည် မကောင်းမှုအားလုံး၏ အရင်းခံဖြစ်သည်” ဆိုသော အဆိုတစ်ခုကို မကြိုက်ပါ။ ငွေသည် မကောင်းမှု၏ တရားခံဖြစ်သည်ဆိုလျှင် အဘယ်ကြောင့် ထိုငွေကြေးစနစ်ကို တီထွင်ခဲ့ကြရသနည်း။ လူတိုင်း ငွေရှာကြသည်။ ငွေကို တန်ဖိုးထားပြီး သိမ်းဆည်းကြသည်။ စုဆောင်းကြသည်။ အဘယ်ကြောင့် ငွေသည် မကောင်းမှု၏ အရင်းအမြစ်ဖြစ်ရမည်နည်း။

ငွေကို မကောင်းမြင်ခြင်းမှာ

ငွေရှိပါလျက် ကျန်းမာရေးအတွက် မသင့်သော အစားအစာများကို ဝယ်စားသည်။ ထိုကြောင့် ကျန်းမာရေး ပျက်စီးသည်။ ငွေရှိသောကြောင့်ဟု အကြောင်းပြသည်။

ငွေရှိလာသည့်အခါ ဆေးလိပ်တွေ၊ အရက်တွေ၊ မူးယစ်ဆေးဝါးတွေကို ဝယ်လာနိုင်သည်။ ထိုမကောင်းမှုတွေကို လုပ်ပြီး ကျန်းမာရေးထိခိုက်သည်။ ငွေကို အကြောင်းပြသည်။

ငွေရှိလာသည့်အခါ ဇိမ်ခံမှုတွေ အမျိုးမျိုး လုပ်လာသည်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစား ဇိမ်နှင့် နေထိုင်ပြီး ကျန်းမာရေး လိုက်စားမှု နည်းလာသည်။ ရောဂါထူပြောလာသည်။

ငွေရှိလာသောအခါ ပျော်ချင်ပါးချင်လာသည်။ ပြည်တန်ဆာတွေနှင့် ပျော်ပါးချင်လာသည်။ အငယ်အနှောင်း ထားချင်လာသည်။ ရောဂါတွေရလာသည်။ ငွေရှိတာကို အကြောင်းပြကြသည်။

ငွေရှိလာသည့်အခါတွင် ဘာမဆို လုပ်ချင်တာတွေ လုပ်နိုင်သည့် အခွင့်အလမ်းတွေ ရလာသည်။ ငွေမရှိလျှင် မည်သည့် မကောင်းမှုကိုမျှ ကျူးလွန်နိုင်မည်မဟုတ်။

ထို့ကြောင့် ငွေကို ဘာကြောင့် ရှာသနည်းဆိုသည်ကို ပြန်မေးခွန်းထုတ်သင့်သည်။

ငွေကို သုံးဖို့ရှာသလား

ငွေကို ဖြုန်းဖို့ရှာသလား

အကယ်၍သာ ဉာဏ်ပညာအမြော်အမြင်ရှိသူ ဖြစ်ပါက ကိုယ်ရှာဖွေစုဆောင်းထားသည့် ငွေကို

ချစ်သူခင်သူတွေအတွက် မျှဝေသုံးမည်။ မုန်းသူတွေကို ရှောင်ဖယ်နိုင်ရန်သုံးမည်။

မိသားစုပျော်ရွှင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည်။ အနာဂတ်ကို ကြိုတွေပြီး အကွက်ချနိုင်မည်။

ကောင်းကောင်းစားတာထက် ကျန်းမာအောင်စားပြီး ကျန်းမာရေးကို တည်ဆောက်နိုင်မည်။

ဇိမ်ခံရန်ထက် ကျန်းမာရန်ကို ပိုပြီး ဂရုစိုက်မည်။

ကိုယ့်ထက် နိမ့်ပါးသူတွေကို လှူဒါန်းပြီး ကြည်နူးကုသိုလ်ယူနိုင်မည်။

“ငွေသည် မကောင်းမှုအားလုံး၏ အရင်းခံဖြစ်သည်” ဟုသဘောပိုက်ကာ ငွေမရှာလျှင် အကျိုးထက် အပြစ် ဖြစ်ရန်သာများသည်။ ငွေမရှိလျှင် ကျန်းမာရန် ဆေးဝါးကအစမဝယ်နိုင်။ ကျန်းမာရန် မစားသောက်နိုင်။ ရှိခြင်းထက် မရှိခြင်းက ပိုပြီး အပြစ်ဖြစ်စေနိုင်သည်။

ငွေကို အကောင်းထက် အဆိုးမြင်ခြင်းမှာ မိမိအတွင်းဓာတ်ခံစိတ်ထားနှင့်လည်း ဆိုင်သည်။ မကောင်းတာ လုပ်ရန်ငွေရှာလျှင် မကောင်းတာဖြစ်မည်။ ငွေကို ကောင်းတာလုပ်ရန်ရှာသည်ဆိုလျှင် ကောင်းမှုတွေကိုသာ လုပ်ဆောင်ပေလိမ့်မည်။ ထို့ကြောင့် ငွေသည် မကောင်းမှုမဟုတ်။ ငွေရှာသောသူ၏ မကောင်းသောစိတ်ကသာ ငွေကို ကောင်းခြင်း၊ မကောင်းခြင်း ဖြစ်စေနိုင်သည်။

ထို့ကြောင့်

ငွေကို မကောင်းမှုရင်းမြစ်ဆိုကာ ရှောင်ရန်မဟုတ်။

မကောင်းသောစိတ်ဖြင့် မသုံးစွဲပါဆိုကာ ဉာဏ်ဖြင့် ဆင်ခြင်ပြီး ရှာဖွေသုံးစွဲရန်သာဖြစ်သည်။

ငွေသည် မီးနှင့်တူသည်။ သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ။

image