ပေဂျာနှင့်ဆက်စပ်ပြီး နေရာ(၄)ခုကို တရုတ်(တိုင်ပေ) စီးနင်းရှာဖွေ
------------------------
လက်ဘနွန်မှာ ဖြစ်ပွားခဲ့တဲ့ ပေဂျာပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးတဲ့အနေနဲ့ တရုတ်(တိုင်ပေ) စုံစမ်း စစ်ဆေးရေးမှူးတွေဟာ နေရာ (၄)နေရာကို ကြာသပတေးနေ့က ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်တွေ သုံးတဲ့ အဲဒီပေဂျာစက်တွေမှာ တရုတ်(တိုင်ပေ) ကုမ္ပဏီဖြစ်တဲ့ Gold Apollo ရဲ့ အမှတ်တံဆိပ်တွေ တွေ့ရတဲ့နောက် တရုတ်(တိုင်ပေ)ဘက်က စုံစမ်းစစ်ဆေးနေတာပါ။ အဲဒီ ပေဂျာစက်တွေ ဘယ်ကနေလာသလဲ၊ ဟစ်ဇ်ဘိုလာအဖွဲ့ဆီကို ဘယ်ပုံဘယ်နည်း ရောက်ရှိသွားသလဲဆိုတဲ့အပေါ် မေးခွန်းတွေနဲ့ ထင်ကြေးပေး ပြောဆိုမှု တွေ ထွက်ပေါ်လာချိန်မှာ အခုလို စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်တိုင်းမ် သတင်းစာ ကတော့ အစ္စရေးက Gold Apollo ကုမ္ပဏီကထုတ်လုပ်တဲ့ ပေဂျာတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်သွင်း မြှုပ်နှံထားခဲ့တယ်လို့ အမေရိကန်နဲ့ တခြား အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး အခု သီတင်းပတ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Gold Apollo ကတော့ အဲဒီစက်တွေကို မထုတ်ဘူးလို့ ငြင်းဆိုထားပြီး တရုတ်(တိုင်ပေ) အစိုးရရှေ့နေတွေက အဲဒီပေဂျာတွေရဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပါတယ်။
အမျိုးသား လုံခြုံရေး စုံစမ်းစစ်ဆေးရေးဗျူရိုကို မျက်မြင်သက်သေနှစ်ယောက်နဲ့ နေရာ(၄)နေရာကို ဝင်ရောက်ရှာဖွေ မေးမြန်း မှုတွေ လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း တိုင်ပေ အစိုးရရှေ့နေရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ တွေ မေးမြန်းခံရတယ်၊ ဘယ်နေရာတွေကို ရှာဖွေရေးလုပ်ခဲ့တယ်ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုထားပါတယ်။