လေဖိအားနည်းဆဲလ် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်ကို စတင်ဖြတ်ကျော်နေ
-------------------
ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့ လျားခဲ့ပြီး ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို စတင်ဖြတ် ကျော်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန်မနက်(၇)နာရီအချိန်ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလို ပါရှိတာပါ။
အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတောင်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကတစ်ဆင့် အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာလ(၂၃)ရက်နေ့မှာ ဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်ပါတယ်။ အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေရဲ့အရှိန်ကြောင့် စက်တင်ဘာ(၂၁)ရက် မနက်ပိုင်းကနေ (၂၅) ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ နေရာကွက်မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ၊ ပြည်တွင်း ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတွေ သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။