2 w - Translate

လူမြင်ကွင်းတွင် ကျင်ကြီးစွန့်သူ စင်ကာပူတရားရုံးက ငွေဒဏ်ရိုက်
----------------------------
စင်ကာပူနိုင်ငံ မာရီနာ ဘေး ဆန်းစ် (Marina Bay sands)က စျေးဝယ်စင်တာ ဝင်ပေါက်မှာ အညစ်အကြေးစွန့်တဲ့ ဗီဒီယိုထဲက အမျိုးသားကို စင်ကာပူတရားရုံးက ကြာသပတေးနေ့မှာ အမေရိကန်ဒေါ်လာ (၃၀၀)ကျော် ဒဏ်ငွေ ချမှတ်လိုက်ပါတယ်။ ဒဏ်ငွေချမှတ်ခံရသူဟာ အိန္ဒိယလူမျိုး ရာမူ ချင်နာရာဆာ ဆိုသူဖြစ်ပြီး အများပြည်သူ ဆိုင်ရာ နေရာမှာ အညစ်အကြေးစွန့်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံတဲ့နောက် ဒဏ်ငွေချမှတ်ခံရတာပါ။

အဲဒီ ဒဏ်ငွေချမှတ်ချိန်မှာ သူက တရားသူကြီးကို ဒဏ်ငွေ လျှော့ပေါ့ပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို တရားသူကြီးက ဒဏ်ငွေနည်းနည်းပဲဆောင်ချင်ရင် လူအများမြင်ကွင်းမှာ ဒါမျိုး မလုပ်ဖို့နဲ့ အရက်သေစာ မူးယစ် သောက်စားတာမျိုး မလုပ်ဖို့ တုံ့ပြန်ဆုံးမခဲ့ပါတယ်။ အဲဒီ ဆောက်လုပ်ရေးလုပ်သား ရာမူ ဟာ စင်ကာပူမှာ အလုပ်လုပ်ခွင့် ပါမစ်နဲ့ လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ(၂၉)ရက်က အရက်အပြင်းစား (၃) ပုလင်း သောက်သုံးခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် အရက်မူးပြီး သန်းခေါင်ကျော် လောက်မှာ MBS မှာရှိတဲ့ ကာစီနိုရုံမှာ လောင်းကစား သွားလုပ်ခဲ့ပါ တယ်။ အဲဒီကာစီနိုရုံကနေ အောက်တိုဘာ (၃၀)ရက်နေ့ မနက် ၅ နာရီမှာ မူးမူးနဲ့ ပြန်ထွက်လာရာမှာ အလေး အပင် စွန့်ချင်လာလို့ အများသုံး အိမ်သာကို မရှာနိုင်တော့ဘဲ စျေးဆိုင်တစ်ခုရဲ့ ဝင်ပေါက်ရှေ့ လူမြင်ကွင်းမှာ မဆင်မခြင် အညစ်အကြေးစွန့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို MBS လုံခြုံရေးဝန်ထမ်းတစ်ယောက်က ရဲစခန်းကို သတင်းပို့ တိုင်ကြားခဲ့တာကြောင့် အခုလို ငွေဒဏ်အဖြစ် အမေရိကန်ဒေါ်လာ (၃၀၀) ဒဏ်ငွေ ချမှတ်ခံရတာဖြစ်ပါတယ်။

image