'ဘောလုံးရဲ့ ရက်စက်တဲ့ အမှန်တရား'
နေမာဂျူနီယာဟာ ဘောလုံးလောကရဲ့ အမှန်တရားတစ်ခုအကြောင်း အခုလိုပြောပြသွားတယ်။
''ဘောလုံးလောကမှာ ရူးချင်စရာကိစ္စတွေ ဖြစ်ပျက်နေတယ်။ တစ်နေ့မှာ ခင်ဗျားရဲ့ဘောလုံးအသင်းဟာ ခင်ဗျားအပေါ် မှီခိုနေရပြီး နောက်တစ်ရက်မှာတော့ ခင်ဗျားကို ဘာကောင်မှမဟုတ်သလိုမျိုး လက်လွှတ်ပစ်တော့တာပဲ''လို့ ဘရာဇီးလ်ဂန္ထဝင်က ပြောကြားသွားတာပါ။
ကလပ်ကစားသမားဘဝတစ်လျှောက် ဆန်းတို့စ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အယ်ဟီလယ်တို့၌ ဖြတ်သန်းခဲ့သူဟာ ရောက်လေရာအရပ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ ကစားသမားဘဝ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေက အဟန့်အတားဖြစ်ခဲ့တာပါ။
နေမာဟာ ဒဏ်ရာတွေကြောင့် မက်ဆီ၊ ရော်နယ်ဒိုတို့ကို မကျော်လွန်နိုင်ခဲ့ဘူး။ ကလပ်တွေရဲ့ ထိုက်သင့်တဲ့တန်ဖိုးထားမှုကို မခံရဘူး။ အခုလည်း သူ့ကို သူရဲကောင်းပမာကြိုဆိုထားတဲ့ အယ်ဟီလယ်ရောက်တာ တစ်နှစ်ကျော်နေပေမယ့် (၅)ပွဲသာကစားရသေးတာကြောင့် အမြင်စောင်းမှုကိုခံနေရပြီ။
နေမာတင်မက ဘောလုံးသမားတိုင်းဟာ အသင်းတွေရဲ့ မျှတတဲ့တန်ဖိုးထားမှုမခံရကြောင်း ကျွန်တော့်အဖေတစ်ခါပြောဖူးတယ်။ ''ဘောလုံးသမားဘဝက နွားနဲ့မခြားဘူး။ မင်းကို ခိုင်းကောင်းတုန်းသာ တယုတယကျွေးမွေးပြုစုကြတာ''
''မင်းလည်း အိုမင်းမစွမ်းဖြစ်ရော အမဲဖျက်ဖို့ စဉ်းစားရော''တဲ့။ အဲတုန်းက အဖေ့စကားဟာ ဘောလုံးလောကထဲ ခြေစုံပစ်ဝင်ဖို့စိတ်ကူးယဉ်နေသူ ကျွန်တော့်အတွက်နားခါးပေမယ့် အမှန်တရားဆိုတာကို အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းနားလည်သဘောပေါက်သွားတယ်။
တစ်ဘက်ကစဉ်းစားကြည့်ရင်လည်း လူတွေဟာ ကိုယ်ပိုင်လုပ်ငန်းမဟုတ်သ၍ အလုပ်ရှင်တွေရဲ့ ခိုင်းနွားပမာဆက်ဆံခြင်း ခံနေရတာပါပဲ။
Credit to GoldenSports