2 w - Translate

ငါးကချင်ချက်

ငါးကို ဒီအတိုင်း ချက်စားတာထက် ချဉ်ချဉ်စပ်စပ်လေး ကချင်ချက် ချက်စားရင် ထမင်းပိုမြိန်တာပေါ့နော်။ ကချင်ချက် ချက်ဖို့အတွက် မဖြစ်မနေ လိုအပ်တာက ချဉ်စော်ခါးသီး အခြောက် ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာတော့ မက်လင်ချဉ်သီး အခြောက်ကိုလည်း သုံးလေ့ရှိပါတယ်။ ရှမ်းပြည်ဘက်မှာတော့ အချဉ်ဟင်း အတွက် ချဉ်စော်ခါးသီးခြောက်ကို သုံးကြပါတယ်။

ချက်နည်း
ငါးကို အနေတော် အတုံးလေးတွေ တုံးပြီး ဆား၊ အရသာမှုန့်တို့နဲ့ နယ်ပါ။ (မနယ်ပဲ ဒီတိုင်းချက်လဲ ရပေမယ့် ဆားနယ်ပြီး နပ်ထားတော့ အသားထဲ အရသာပိုဝင်ပြီး စားလို့ပိုကောင်းပါတယ်)
ကချင်ချက် ချက်ရင် အသားနဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးတို့ကို တစ်ခါတည်း အိုးထဲ ထည့်ပြီး ချက်လေ့ရှိသလို ၊ ကြက်သွန်ဖြူ/ နီ တို့ကို ဆီသတ်ပြီး ချက်ရင်လည်း ရပါတယ်။
(ဆီသတ်ပြီး ချက်ရင်တော့ အရောင်ပိုလှပါတယ်)
အိုးပူပူမှာ ဆီအနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူထောင်း၊ ကြက်သွန်နီ ပါးပါးလှီး ထားတာကို နနွင်း၊ အရောင်တင်မှုန့်အနည်းငယ် ထည့်ပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီး ပါးပါးလှီးထားတာကို ထည့်ပြီး ခရမ်းချဉ်သီးတွေ လိပ်သွားပြီဆိုရင် ငါးကို ထည့်ပါ။
ချဉ်စော်ခါးသီးခြောက် ပါးပါးလှီး၊ ငရုပ်သီးစိမ်း ပါးပါးလှီး( စားနိုင်သလောက် စပ်စပ်လေး ထည့်နိုင်ပါတယ်) ၊ ငံပြာရည် ထည့်လိုပါက အနည်းငယ် ထည့်ပြီး သာသာလေး မွှေပါ။
သမသွားရင် ရေအသင့်တင့်လောက် ထည့်ပြီး အိုးအဖုံး ပိတ်ထားလိုက်ပါ။
ရေဆူလာတဲ့အခါ ဟင်းအိုးကို မွှေရင် ငါးတွေကြေသွားမှာ စိုးတဲ့အတွက် အိုးလေးကို အသာလေး လှုပ်ခါပြီး မွှေပါ။
ရေခမ်းလို့ငါးအကျက် လိုသေးရင် ရေထပ်ထည့်နိုင်ပါတယ်။
ငါးတွေ ကျက်လာရင် ချဉ်စော်ခါးသီးခြောက်ကလည်း အချဉ်အရသာ ထွက်လာပြီမို့ဟင်းအရသာ ချဉ်ချဉ်စပ်စပ်လေး ဖြစ်လာမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ ဆား၊ အရသာမှုန့်တို့ကို ထပ်ထည့်ပါ။ အရည်စပ်စပ်လေးနဲ့ ကြိုက်ရင်တော့ ရေအများကြီး မခမ်းခင် ချနိုင်ပါတယ်။ ဟင်းအိုးချခါနီးမှာ ဖက်ဖယ်ရွက်၊ ရှမ်းနံနံရွက်၊ နံနံပင်တို့ကို ပါးပါး လှီးထားတာလေး ထည့်လိုက်ပြီး အိုးကို ချလိုက်ရုံပါပဲ။ ဒါဆိုရင် ဖက်ဖယ် ၊ ရှမ်းနံနံအနံ့လေး မွှေးကြိုင်နေတဲ့ ချဉ်ချဉ်စပ်စပ် အရသာရှိသော ငါးကချင်ချက် ရပါပြီ။
ချဉ်စော်ခါးသီး မရှိဘူးဆိုရင်တော့ ချဉ်စော်ခါးသီးအစား အိုးချခါနီးမှာ သံပုရာသီးကို ညှစ်ထည့်နိုင်ပါတယ်။
ဟင်းတွေကို ဆီများများနဲ့ချက်တာ မကြိုက်တဲ့သူတွေအတွက်တော့ ဆီနည်းနည်းနဲ့ ချဉ်ချဉ်စပ်စပ် ကချင်ချက်လေးက အဆင်ပြေစေမယ် ထင်ပါတယ်။
ငါးအပြင် ကြက်သား ဝက်သား၊ အမဲသားတို့ကိုလည်း ခုလို ချက်စားနိုင်ပါတယ်။ ဖက်ဖယ်ရွက်ကိုတော့ ရန်ကုန်မှာဆိုရင် သံစျေးတို့၊ City mart တို့မှာ ရနိုင်မယ် ထင်ပါတယ်။
Source: Chaw Su Su Khaing
#credit

image