3 w - Translate

ငါးရံအူဟင်း

ငါးရံအူက မချက်တတ်လျှင် ညှီပြီး စားမကောင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါးရံ့အူကို ဒီနည်းအတိုင်း ချက်စားကြည့်နော်။ တကယ်စားကောင်းပါတယ်။

ညှီစော်မနံဘဲ အရသာရှိတဲ့ ငါးရံ့အူမွှေးမွှေး ချက်မယ်နော်။ တကယ်တော့ ငါးရံ့အူက အလွန်လက်ဝင်ပါတယ်။ အူတွေကို သွားကြားထိုးတံနဲ့ခွဲလို့ အဝါရောင်၊ အမည်းရောင်တွေပါလျှင် ဆက်ခွဲပြီး သေချာဆေးရပါတယ်။ နို့နှစ်ရောင်အနှစ်လေးတွေပါတဲ့

အူဆိုလျှင် ခွဲစရာမလိုပါဘူး။ အဲဒါက ဝက်အူချိုလို အူမျိုးပါ။ အလွန်ဆိမ့်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးရံ့အူ- ၂၅ ကျပ်သား

ငရုတ်ပွ- ၆၊ ၅ တောင့်

ချင်း- လက်တစ်ဆစ်

ကြက်သွန်ဖြူဗမာဥ- ၁ လုံး

ဆီ- ၅ ကျပ်သား

နနွင်းမှုန့်- အနည်းငယ်

ငံပြာရည်- သင့်ရုံ

ဆား- အနည်းငယ်

သကြား- အနည်းငယ်

ပျဉ်းတော်သိမ်- ဆီသတ်ရွက် တစ်ခက်

ရှလကာရည်- စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

အစာအိမ်ကို ကတ်ကြေးနဲ့ခွဲပြီး ရေနှင့် သေချာဆေးပါ။ ရေနွေးအိုးတည်ပြီး ဆူလာလျှင် ဆား၊

အရသာ၊ သကြားအနည်းငယ်နှင့် ရှလကာရည် ထည့်၍ ငါးရံ့အူကို ထည့်ပြုတ်ပါ။ ၅ မိနစ်ခန့်ပြုတ်ပြီးလျှင် ရေသွန်၍ ရေအေးနဲ့ တစ်ထပ်လောက် ပြန်ဆေးပြီးလျှင် ချက်လို့ရပါပြီ။ ငါးရံ့အူချက်လျှင် ကြက်သွန်နီ မသုံးပါဘူး။ ညှီစော်နံတတ်ပါတယ်။ ချင်းနှင့် ငရုတ်သီးကို ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူကို ကွဲရုံထောင်း၍ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငံပြာရည်ပေါက်ပါ။ ငါးရံ့အူထည့်ပါ။ ပျဉ်းတော်သိမ်ရွက်ထည့်ပြီး အိုးမကပ်အောင် အသာလေး အပေါ်အောက်လှန်နေရင်း အရသာထည့်ပါ။ ထပ်ထပ်လေးဖြစ်လာလျှင် ရေနွေးလောင်းပြီး အဖုံးအုပ်တည်ပါ။ ၂ ရေလောက်တော့ ချက်ပါ။ ငါးရံ့အူက ပျဉ်းတော်သိမ်ရွက် ခတ်တာနဲ့ အလွန်လိုက်ဖက်ပါတယ်။ မွှေးပြီး အညှီနံ့လည်း ပျောက်ပြီးတော့ စားလို့ လည်း ကောင်းပါတယ်။

image