3 w - Translate

ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် လူ ၈ ဦးသာ သေဆုံးမှု ရှိဟုဆို
---------------------------
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာက ရေကြီးရေလျှံမှုတွေကြောင့် မြေပြိုကျမှု ဖြစ်စဉ်မှာ လူ ၈ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သပြေပင်ကျေးရွာမှာ မြေပြိုကျမှုတွေကြောင့် လူအယောက် ၇၀၀ လောက် သေဆုံးတယ် ဆိုပြီး သတင်းမှား ထွက်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သပြေပင်ကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ရှိပြီး ဖြစ်သလို ဒဏ်ရာရရှိသူ အချို့ကို ဆေးရုံ၊ ဆေးခန်းတွေ ပို့ဆောင်ပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကလည်း တောင်ငူဒေသ ဇရပ်ကြီး အနောက်ဘက်ရွာတွေမှာ ရေဘေးသင့် ပြည်သူတွေကို ရွှေ့ပြောင်းကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေးအဖွဲ့ထဲမှာ ပါတဲ့ တပ်မတော်သား တစ်ယောက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ယောက်တို့ ရေစီးထဲ မျောပါပျောက်ဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ကူညီကယ်ဆယ်ရေး နောက်ဆက်တွဲလုပ်ငန်းတွေအဖြစ် ဆန်၊ ရိက္ခာဖိုးတွေအတွက် သတ်မှတ်ငွေနှုန်းထားတွေ နဲ့ သေဆုံး၊ ဒဏ်ရာရသူတွေကို ငွေ ကြေးထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်၊ ညပိုင်းထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် ရွှေ့ပြောင်းခဲ့ရ တဲ့ နေအိမ် ၇၂၉၀၀ ကျော်၊ လူဦးရေ ၃၂၀၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၁၃ ယောက်၊ ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက် ရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

image