3 w - Translate

လူအပိုတွေနဲ့ပေါင်း စကားအပိုတွေပြော
အနှစ်သာရမရှိတဲ့ conversation တွေနဲ့
အချိန်ကုန်လာတာများတဲ့အခါ
ခင်ဗျားမောလာမယ်...

အလုပ်အပိုတွေလုပ်ပြီး
အရာမရောက်တာတွေများလာတဲ့အခါ
ကိုယ့်အတွက်လုပ်နေရတာ မဟုတ်ဘဲ
မကောင်းမြင်တတ်တဲ့လူတွေအတွက်
အကောင်းတွေပဲလုပ်ပြရတာများလာတဲ့အခါ
ခင်ဗျားမောလာမယ်...

ငွေရှာလို့ပင်ပန်းတယ်
ပင်ပန်းမှုတွေပျောက်ဖို့ ငွေပြန်ကုန်တယ်
ပြန်ကုန်တော့ ငွေထပ်ရှာ
ထပ်ရှာရင်းမောလာတော့ အပန်းဖြေဖို့ငွေထပ်ကုန်
ဒီသံသရာဟာဘယ်တော့ဆုံးမှာလဲလို့
ခင်ဗျားတွေးမိတဲ့အခါ
ခင်ဗျားမောလာမယ်...

ပိုသာတာကိုရွေးနေကြတဲ့ မလည်ရှုပ်လောကမှာ
ဒီတစ်ယောက်ကမြဲနိုးနိုး
ဟိုတစ်ယောက်က အတည်နိုးနိုးနဲ့
ရတာမလို လိုတာမရတဲ့ သပွတ်အူလောကမှာ
လူသစ်ထပ်ထပ်ရှာရတာ များလာတဲ့အခါ
ခင်ဗျားမောလာမယ်...

မောလာတဲ့အခါ
သိလိုက်တာက
ဘာအရာကမှ ကိုယ့်အတွက်
အရမ်းအရေးမကြီးဘူးဆိုတာပါပဲ

"အကုန်လုံးကအရေးကြီးတယ်" ဆိုတဲ့အတွေးနဲ့
"ဘာမှသိပ်အရေးမကြီးဘူး"ဆိုတဲ့အတွေးက
နံရံတစ်ဖက်ပဲခြားပါတယ်
အဓိကက ခင်ဗျားရဲ့စိတ်ပါပဲ

တကယ်မမောဖူးသေးတဲ့အခါ
အရာအားလုံးအတွက် တက်ကြွကြတယ်
ရုန်းကန်ကြတယ် စွန့်စားကြတယ် ရဲရင့်ကြတယ်

တကယ်မောလာတဲ့အခါ
အရာအားလုံးကို ပကတိအတိုင်းမြင်လာတယ်

တချို့တွေက
"ငါတကယ်မောပန်းလာပြီ" လို့သိတဲ့အခါ
ဆေးရုံပေါ်ရောက်နေကြပြီ
အရုပ်ကြိုးပြတ်လဲကျနေကြပြီ
အနာရောဂါတွေအတွက်
ရှာခဲ့သမျှငွေနဲ့ အကုန်ပြန်ကုနေရပြီ
ကိုယ်အချိန်ပေးပြီး ပြုစုကျွေးမွေးခဲ့တဲ့
သားသမီးတွေက ပြန်မကြည့်တော့ဘူး
မြဲမယ်လုိ့ထင်ပြီး
စိတ်ကူးတွေယဉ်ခဲ့ဖူးတဲ့လူတွေက
အနားမှာမရှိတော့ဘူး
အားကိုးစရာဘုရားကိုလှမ်းတွေးပြန်တော့လည်း
တသက်လုံးလောဘဒေါသမောဟတွေ
အပြည့်ဝင်နေခဲ့တဲ့စိတ်အာရုံက ဘုရားကိုကြာကြာလက်မခံတော့ဘူး

ဒီလိုနဲ့ပဲ
အဲဒီလူတွေဟာ
အမောဆို့ရင်း သေဆုံးသွားကြတယ်..
ဒါကြောင့်....
ကျုပ်တို့ ခင်ဗျားတို့တွေးရမှာက
မမောခင်ကတည်းက
အလုပ်နဲ့အနားယူခြင်းကိုမျှတဖို့စဉ်းစားမလား
မလုပ်နိုင်တော့မှ နားမလား...

အရေးမပါတဲ့လူတွေအတွက်
သူတို့စိတ်တိုင်းကျနေပေးရင်း
မောလာတဲ့အထိ ရုန်းကန်ပေးနေမလား
ကိုယ့်အတွက်အရေးပါတဲ့လူတွေအတွက်ပဲ
အာရုံနည်းနည်းနဲ့နေသွားမလား

ငွေရှာနေစဉ်ကတည်းက
ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်မလား
ဗုန်းဗုန်းလဲတော့မှ ရှာထားတဲ့ငွေတွေနဲ့ကုမလား

သောက်လေသောက်လေငတ်မပြေတဲ့
ဒီပင်လယ်ရေသပွတ်အူလောကမှာ
ဟိုတစ်ယောက်ကောင်းနိုးနိုး
ဒီတစ်ယောက်မြဲနိုးနိုးနဲ့
အတ္တတွေ တဏှာတွေကိုအခြေပြုပြီး
လိုက်ရှာရင်း အမောခံမလား
အဆင်ပြေနိုင်မယ့်သူကိုပဲ အတ္တတွေလျှော့ပြီး ကိုယ်ချင်းစာတရားနဲ့ ရှာဖွေမလား....

ဒါပဲတွေးစရာရှိတယ်

တကယ်မမောသေးခင် စဉ်းစားတဲ့အခါမှာတော့
ဒီအကြောင်းအရာတွေဟာ
သိပ်အရေးမပါသလိုပါပဲ...

ဒါပေမယ့်
တကယ်မောလာတဲ့မှ ပြန်တွေးကြည့်တဲ့အခါ
အရမ်း နောက်ကျသွားပါပြီ။

Credit Min Yel KyawSwar

image