အသက်ရှင်နေသေးလို့
မပျော်စရာကြားထဲ
ရယ်နေရသေးတာပါ .. သူငယ်ချင်းရာ
ကမ္ဘာဟာ ကပ်ရောဂါအမျိုးမျိုးကြားထဲ
တစ်ယောက်ကိုတစ်ယောက်က
ဆွဲထားကြတာ အင်းကျီတောင်ပြဲလုမတတ်ပဲ။
လက်တွေလည်း ကာတွန်းကားတွေထဲကလို
ရှည်ထွက်ရစမြဲဆိုရင်
ငါတို့အမြဲတမ်း တစ်ယောက်ကိုတစ်ယောက်
ဖမ်းမိနေမှာပေါ့ ..
ငိုပြီးရယ်ရတယ်တဲ့.. အလကား
လျှောက်ပြောတာသူငယ်ချင်း
ဒီနှစ်တွေထဲ ငိုပြီးရင်းငိုလိုက်ရတာ
မျက်ရည်တောင် မကျန်တော့ဘူး ..
စားသမျှအဟာရတောင် မျက်ရည်ပြန်ဖြစ်ဖို့
စားနေရသလိုပါပဲ..
ဆုံးရှုံးမှုအရသာက ဘာလဲလို့မေးရင်
မနေ့က စကားတွေပြောနေတုန်း
ဒီနေ့မှာ အဲ့ဒီလူရဲ့
နာရေးဖိတ်စာရောက်လာတာမျိုး..
တွေ့သမျှလူတိုင်းရဲ့နဖူးမှာ
သင်္ခါရ စာလုံးကိုထင်ထင်ရှားရှား
မြင်နေရတယ် ..
အိမ်ရှိနေသေးလို့ နေနေရတာပါ
သူငယ်ချင်းရာ
ကိုယ်ပိုင်ဆိုင်တာ ရေရေရာရာ မရှိပါဘူး
တချို့များ မိုးကာတဲထဲ ယိုနေတဲ့
မိုးကလေးတွေကို လိုက်ဖာထေးနေရရှာတယ်။
အသက်ရှင်နေသေးလို့ ရယ်နေရတာပါ
သူငယ်ချင်းရာ ..
အရမ်းကြီးပျော်နေရတာလည်းမဟုတ်ပါဘူး
ခေတ်ကာလကြီးက
ကောင်းကင်ဟာ အိုဇုန်းလွှာတင်မကဘူး
မေတ္တာတရားပါပေါက်ပြဲနေတာ
ဘယ်တော့ များ.. အိမ်ခေါင်မိုးပေါ်
လေယာဥ်ဗုံးကြီး
ကျလာမလဲမသိနေဘူးရယ်...
ဒီကြားထဲ ကိုယ့်ကိုယ်လည်း သနားလှပါပြီ
သူငယ်ချင်းရာ ..
ကိုယ်မတတ်နိုင်တဲ့အခိုက်အတန့်တွေတိုင်း
အရှုံးသမားတစ်ယောက်လို
ခံစားနေရတာပါပဲ ..
ဒီစကားကို ကိုယ့်ဒုက္ခထက်
နှစ်ဆ ပိုခံစားနေရတဲ့ လူတွေကြားရင်
ကိုယ့်ကိုယ်ရယ်ကြအုံးမယ်...ထင်ပါရဲ့ ။
-LuAh(AungKhinSitt)