4 w - Translate

" မင်း .. အသစ် ရနေပြီလား "

အသံဟာ တုန်ရီနေတယ် ။ ပြီးတော့ အက်ကွဲနေတယ် ။ ဟုတ်တယ် သူနာကျင်နေရှာမှာပဲ ။ သူ ခံစားနေရရှာမှာ ။

" အင်း .. ဟုတ်တယ်လေ "

သူ့ဘက်က အသံတိတ်သွားတယ် ။ သက်ပြင်းချသံတွေကြားရတယ် ။ စောင့်ဆိုင်းနေရသူဟာ ပြန်မလာတဲ့တော့တဲ့အခါ
မျှော်လင့်ချက်မဲ့လူတစ်ယောက်ရဲ့ ရှင်သန်မှုမျိုး သူ ခံစားဖူးသွားပြီပေါ့ ။

လွန်ခဲ့တဲ့ ၂ နှစ်နှစ်က ၊ သူချန်ထားခဲ့တုန်းက ကိုယ်လည်း ဒီလို ရှင်သန်ခဲ့ရတာပဲ ။ ပြန်မလာတာ သေချာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ရမှာပဲ မဟုတ်လား ။ နောက် .. ပြန်တွေးမိချိန်တိုင်း ငါဟာ လိုအပ်တာထက်ပို ချစ်ပေးခဲ့တယ် ။ လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တယ် ။ပြီးတော့ နောင်တ မရရအောင် အချိန်ကာလ တစ်ခုအထိ စောင့်ခဲ့တယ် ။

" လက်မထပ်သေးဘူးလားလို့ အမေက မေးတယ် ၊ မိန်းကလေးဆိုတာ တွဲတာကြာလာရင် မကောင်းဘူး တဲ့ "

" ယောက္ခမလောင်းကြီးက ရှေးရိုးစွဲပဲ ၊ တွဲတာကြာလေ တစ်ယောက်ကို တစ်ယောက် ပိုပြီး လေ့လာလို့ရလေပဲ မဟုတ်ဘူးလား "

" အခုလည်း ၆ နှစ်ရှိနေပြီလေ ၊ ဒီလောက်ဆို ရပြီ မဟုတ်ဘူးလား "

" လူပျိုဘဝ မ ဝ သေးဘူးလေ သဲငယ်ရယ် ၊ ဘာလို့ လောနေတာလဲ အချိန်တန်ရင် ယူမယ့်ဟာကို "

တကယ်တော့ လက်ထပ်ဖို့ပြောတာ ၃ နှစ်ပြည့်တုန်းထဲကပါ ။ နောက်တစ်နှစ်စောင့်ပေးပါဆိုပြီး အခုပဲ ၆ နှစ် ပြည့်တော့မယ်လေ ။ တခါတလေ မဖမ်းဆုပ်ချင်တော့ဘူး ။ မမျှော်လင့်ချင်တော့ဘူး ။ ပြီးတော့ ဘာမှ မစဉ်းစားချင်တော့ဘူး ။

တနေ့တော့ Facebook ပေါ်ကနေ ကိုယ့်ကို block သွားတယ် ။ အစကတော့ ရိုးရိုးသားသား အကောင့်ကျ သွားတယ်ပဲ ထင်ခဲ့တာပါ ။ သူငယ်ချင်းတွေက " နင်တို့ ပြတ်သွားကြပြီလား " မေးတော့ " ဘာဖြစ်လို့လဲ " ဆိုပြီး ပြန်မေးရသေးတယ် ။

ကိုယ့်ကို block ပြီး couple ပုံ ချိန်းလိုက်ကြတယ်လေ ။ ပုံထဲက အမျိုးသမီးက ၆ နှစ်ကြိုက်ခဲ့တဲ့ ကိုယ် သေချာပေါက် မဟုတ်ခဲ့ဘူးပေါ့ ။

ဘာမှ မပြောနိုင်အောင် ဆွံ့အ ခဲတယ် ။ ကိုယ် သတိမထားမိလိုက် ခင်မှာပဲ မျက်ရည်တွေ ဟာ ပါးပေါ်လိမ့်ဆင်းလာတယ် ။ အရူးလို ဖုန်းတွေ ခေါ် ၊ စာတွေ ပို့နေခဲ့တယ် ။ မြင်နေရပေမယ့် မဟုတ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ညာတယ် ။ လတ်တလော ကိုယ်သူ့ဆီက အကြောင်းပြချက်တစ်ခုခု ကြားဖို့လိုနေတယ် ။ မဟုတ်ဘူး ။ ကြားရမှဖြစ်မယ် ။ ကိုယ်သိမှ ဖြစ်တယ် ။

သူမကို တကယ်မချစ်ဘူး
ကိုယ့်ကိုယ်ပဲ ချစ်တာပါလို့ ပြောစေချင်ခဲ့တာ ။

တစ်ညနေတော့ သူဖုန်းခေါ်လာတယ် ။

" ပြန်လာမှာမို့ ခဏတော့ စောင့်ပေးပါ " တဲ့ ။

ကိုယ်ချစ်ရတဲ့သူက သူများနဲ့ပျော်နေတာကို တစိမ့်စိမ့်ကြည့်ပြီး နာနာကျင်ကျင် စောင့်နေရမယ် တဲ့ ။ သူ အတ္တ မကြီးလွန်းဘူးလား ။ ကိုယ် သိပ်စိတ်နာတယ် ။ ပြီးတော့ သိပ်မုန်းတယ် ။ ဒါပေမယ့် ကိုယ်ရူးမိုက်စွာနဲ့ စောင့်ခဲ့ဖူးတယ် ။

မှတ်မှတ်ရရ ကိုယ် အဲဒီနှစ်က တရားစခန်းဝင်ဖြစ်တယ် ။ အလုပ်လည်း ထွက်လိုက်ရတယ် ။ မိန်းမတွေဟာ အချစ်ကို ဦးစားပေးတယ်ဆိုတာ သိပ်မှန်တယ်နော် ။ ကိုယ့်အတွက် မဟုတ်တဲ့လူအတွက် စွန့်လွှတ်ပေးဆပ်ချင်နေပုံများ တန်ဖိုးမဲ့လိုက်တာ ။ တရားကျစရာကောင်းလိုက်တာ ။

ပြန်လာဖို့ မသေချာတဲ့ အရိပ်အယောင်တွေ တွေ့တဲ့အခါ
လွှတ်ချနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားတယ် ။ သတိရစိတ်ကို ဖြေဖျောက်နိုင်မယ့် နည်းလမ်းမှန်သမျှ ကိုယ် ကြိုးစားကြည့်တယ် ။ ကိုယ် သူ့ကိုနိုင်ချင်ပါတယ် ။ တနည်းအားဖြင့် သူတို့ နှစ်ယောက်လုံးကို နိုင်ချင်တယ် ။

တစ်နှစ်အကြာမှာ အလုပ်စ ဝင်ခဲ့တယ် ။ လမ်းခွဲတာ နှစ်နှစ်ကျော်သွားချိန်မှာ နောက်တစ်ယောက် ထားခဲ့တယ် ။ ဒီကြားထဲ သူ့ဘက်က အမျိုးမျိုးတောင်းပန်ပြီး ဆက်သွယ်လာတယ် ။ ကိုယ် ပြန်လက်မခံခဲ့ဘူး ။ သူက ကိုယ့်လူ မဟုတ်ဘူးလေ ။ ကိုယ့်လူသာ စစ်ရင် ကိုယ့်ကို နာနာကျင်ကျင် ရှင်သန်စေခဲ့မှာ မဟုတ်ဘူး ။

ပစ်ချ ခံလိုက်ရတာတော့ ကိုယ်ပါ
ဒါပေမယ့် လွတ်မြောက်သွားသူကလည်း
ကိုယ်ပဲ ဖြစ်ခဲ့တယ် ။

အခုတော့ ကိုယ်က မလိုချင်တော့ဘူး ။
သူက စောင့်မယ် တဲ့ ။ သူ့လုပ်ရပ်အတွက် သူ့ကို နောက်ဆုံးအကြိမ်ခွင့်လွှတ်ပေးဖို့ ပြောတယ် ။ ကိုယ် သူ့ကို ခွင့်မလွှတ်တာ မဟုတ်ဘူး ။ ကိုယ် သူနဲ့ ထပ်မပတ်သက်ချင်တော့တာ ။

ဖြစ်နိုင်ရင် သူနဲ့ ပတ်သက်ဖူးတဲ့ အတိတ် အစိတ်အပိုင်းကို ဖြတ်ချလို့ရရင် ဖြတ်တောက်ပစ်ခဲ့မှာ ။ ကိုယ်စိတ်နာတာ မဟုတ်ဘူး ။ ကိုယ် ရွံသွားတာ ။

နောက်ဆုံးမှာ ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ သူ မဟုတ်ဘူး ။ ကမ္ဘာပေါ်မှာ ယောက်ျားတစ်ဦးပဲ ကျန်တော့မယ်ဆိုရင်တောင် ကိုယ့်သူ့ကို ရွေးမှာ မဟုတ်ဘူး ။ အချစ်ဦးက သူ ဆိုပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံး ချစ်သူဟာ လက်ရှိလူပဲ ။

ကိုယ်က သစ္စာတရားကိုပဲ မက်မောတတ်တဲ့သူမို့ သစ္စာတရားကို ထမ်းပိုးထားတဲ့သူအနားမှာပဲ တသက်လုံးနေမှာ ။

ဘာမှ မပြည့်စုံချင်နေ
ကိုယ့်အပေါ် တကယ်ချစ်ပြီး
ကိုယ့်အပေါ် သစ္စာရှိရင် လုံလောက်ပြီ ။

တသက်လုံး မင်းကို သတိမရဘူးဆိုရင်
ကိုယ်ညာတာပါ ။
တစ်ခါတလေ သတိရမိရင်တော့
" ဪ မင်းက ကိုယ့်အပေါ် သစ္စာမဲ့ခဲ့တာပဲ" ဆိုတဲ့ အသိနဲ့ အတူတူ မင်းကို ခေါင်းထဲက ထုတ်ပစ်မှာ ။

ကိုယ့်ဘဝမှာ မင်းရှိဖူးပေမယ့်
နောက်ထပ် မရှိစေရဘူး
ကိုယ့်အတိတ်မှာ မင်း ပါဖူးပေမယ့်
ကိုယ့် အနာဂတ်မှာ မင်း ပါစရာမလိုတော့ဘူး

ကိုယ့်ကိုပဲ ကြည့် ၊ ကိုယ့်အကြောင်းပဲတွေး
ကိုယ့်တစ်ယောက်ထဲအပေါ် သစ္စာမြဲမယ့် လူနဲ့ပဲ
ရှေ့ဆက်သွားတော့မှာ ။

ဘဝက မင်းနဲ့စခဲ့ ပေမယ့်
မင်းနဲ့ မဆုံးခဲ့ဘူး
မတတ်နိုင်ဘူးလေ
မင်း ရွေးချယ်မှုကပဲ
ဒီလိုဇာတ်သိမ်းစေခဲ့တာ
မင်းနဲ့ကိုယ့်ကို ဝေးကွာစေခဲ့တာ ။

#သက်ထားခင်(THK)
#ဇာတ်သိမ်းမှာမပေါင်းဖက်ခဲ့ပါ
May21,2022

image