4 w - Translate

လေးစားရတဲ့ဆရာတယောက် ရေးထားတာလေးတွေ့လို့ မျှဝေလိုက်ပါတယ်

Ronaldo Effect
++++++++++++++++
ခရစ္စတီယာနို ရိုနယ်လ်ဒို ဟာ ဘောလုံးအားကစား သမိုင်းသစ်ကို ရေးထိုးနိုင်လိုက်ပါပြီ။ အသက်အရွယ် ၃၉ နှစ် ဘောလုံးကစားသက် ( နှစ်၂၀ကျော် ) အတွင်းမှာ သွင်းဂိုးပေါင်း ၉၀၀ ပြည့်သွားခဲ့ပါပြီ။ ဒါဟာ သူ့ရဲ့ အမှန်တကယ် ရည်မှန်းချက် မဟုတ်လောက်သေးပါဘူး။ ရိုနယ်လ်ဒိုရေ တစ်ထောင်ပြည့်အောင် မသွင်းချင်ဘူးလားလို့ မေးကြည့်ရင် သူဘာဖြေမလဲဆိုတာ အားလုံးသိကြပါတယ်။
သူဟာ G.O.A.T (Greatest of All Time) ဆိုတဲ့ အကြီးကျယ်ဆုံး စာရင်းဝင် အားကစားသမားတစ်ယောက်ပါ။ ဒီအခြေအနေ ရောက်ဖို့ သူအများကြီး ကြိုးစားခဲ့ရပါတယ်။
ဆော်ဒီအာရေဘီးယား ဘောလုံးအသင်းဆိုတာကို ၂၀၀၃ ခုနှစ် မတိုင်ခင်အထိ သိသူအလွန်နည်းခဲ့ပါတယ်။
အယ်လ်နာဆာ ဘောလုံးသင်းအကြောင်း ဘောလုံးပွဲ အကြောင်း တွေကို မိတ်ဆက်တဲ့ ပွဲတွေမှာ သတင်းထောက် သုံးလေးယောက်သာ တက်ပြီး သတင်းယူလေ့ရှိပါတယ်။ ရိုနယ်လ်ဒို တစ်ယောက် အယ်လ်နာဆာကို ရောက်လာပြီး မိတ်ဆက်စကားပြောတဲ့နေ့မှာ​တော့ Mrsool Park ကို နာမည်ပြောင်းထားတဲ့ Al-Awwal Park အားကစားရုံကြီးမှာ ထိုင်စရာခုံမကျန်တော့လောက်အောင် ပြည့်ကျပ်သွားခဲ့ပါတယ် လို့ အယ်လ်နာဆာ အသင်းနည်းပြ ရူဒီဂါဆီယာက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ ညက ပေါ်တူဂီ နဲ့ ခရိုအေးရှားတို့ ကစားခဲ့တဲ့ပွဲမှာ စီ ရိုနယ်လ်ဒို ဟာ သူ့ဘဝရဲ့ ၉၀၀ မြောက်ဂိုးကို သွင်းယူခဲ့ပြီး အောင်ပွဲခံခဲ့ပါတယ်။
ရိုနယ်လ်ဒိုရဲ့ ဆော်ဒီအာရေဘီးယား အသင်း အယ်လ်နာဆာကို ပြောင်းရွှေ့ကစားမယ့် သတင်းဟာ ဟိုးလေးတကြော် ဖြစ်ခဲ့သလို ဘောလုံးအားကစား လောက တစ်ခုလုံး ဂယက်ထစေခဲ့ပါတယ်။
အဲဒါကိုက ဆော်ဒီအာရေဘီးယား ရဲ့ ဗျူဟာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားကို ကြိုက်ကြေးပေးပြီး ခေါ်ယူနိုင်ခဲ့တဲ့ နောက်မှာ ဆော်ဒီအာရေးဘီးယား ရဲ့ ဘောလုံးလောက ဟာ အရှင်မွေး နေ့ချင်းကြီးပြီး တစ်ကမ္ဘာလုံးသိသွားခဲ့ကြပါပြီ။
အဲဒါကို “ Ronaldo Effect “ လို့ ဆိုတာပါပဲ။
ရိုနယ်လ်ဒို ကြောင့် အယ်လ်နာဆာ အပါအဝင် ဆော်ဒီအာရေဘီးယားကို ပိုပြီး လူသိလာကြသလို အဲဒီ သိလာခြင်း ရဲ့ နောက်ဆက်တွဲအဖြစ် စိတ်ဝင်စားလာခဲ့ကြပါပြီ။
ဆော်ဒီအာရေဘီးယားက သူ့ရဲ့ အနာဂါတ် မျှော်မှန်းချက် တစ်ခုကို ၂၀၁၆ ဧပြီ ၂၅ ရက်နေ့မှာ Vision 2030 လို့နာမည်ပေး ချမှတ်ကြေငြာပြီး အပြင်းအထန် ပြင်ဆင်နေပါပြီ။
ရှေးရိုး အစဉ်အလာတွေထဲက တချို့ကို ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမယ့် အိမ်ရှေ့မင်းသား ဝန်ကြီးချုပ် Mohammed bin Salman ဟာ အမြော်အမြင်ကြီးကြီးနဲ့ စီမံနေပါတယ်။
အစပိုင်းမှာ သိပ်မသိသာပေမယ့် အခုနောက်ပိုင်းမှာ တော်တော်ကို မြန်မြန်ဆန်ဆန် အရှိန်ရနေတာကို တွေ့လာရပါတယ်။ ဒီလို မြန်ဆန်သွက်လက်လာအောင် “Ronaldo Effect” က အားဖြည့်ပေးပါတယ်။
ဘောလုံးအကျော်အမော် ရိုနယ်လ်ဒိုမှာလဲ စီးပွားရေး အကြံပေးရှိပါတယ်။ Miguel Marqués ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဟာ ရိုနယ်လ်ဒိုရဲ့ ဓနကို နောက်ကွယ်ကနေ အကြံပေးစီမံပေးနေပါတယ်။
ဝင်ငွေကောင်းတဲ့ ဘောလုံးသမားတစ်ယောက်ဟာ သူ့ရဲ့ ဓနကို သူကိုယ်တိုင် စီမံဖို့ အဆင်မပြေပါဘူး။ ဘဏ္ဍာရေး နဲ့ ရင်းနီးမြှုပ်နှံမှု ကျွမ်းကျင်သူနဲ့ ပူးပေါင်းမှသာ သူ့ရဲ့ အနာဂါတ်က သာယာမှာပါ။ ဒါကို သိတဲ့ ရိုနယ်လ်ဒိုဟာ Miguel Marqués ကို သူ့ရဲ့ ပါတနာအဖြစ် ပူးပေါင်းစေခဲ့ပါတယ်။
ရိုနယ်လ်ဒိုရဲ့ အနာဂါတ်မှာ သူဟာ အာရပ်သူကြွယ်တွေနဲ့ ပေါင်းလို့ ရသွားခဲ့ပါပြီ။ ကစားသမားဘဝကနေ အနားယူရင် သူ့ရဲ့ စီးပွားရေး အင်ပါယာထဲမှာ အာရပ်သူကြွယ်တွေနဲ့ ချိတ်ဆက် လည်ပတ်ပါလိမ့်မယ်။ ဒါဟာ ရိုနယ်လ်ဒိုအတွက် အနာဂါတ် ဗျူဟာ ဖြစ်နိုင်ပါတယ်။
ဆော်ဒီအာရေဘီးယားရဲ့ အိမ်ရှေ့မင်းသား ဝန်ကြီးချုပ်ကလည်း သူဘုရင်ဖြစ်လာတဲ့ အခါ ရိုနယ်လ်ဒိုကို ဆက်ပြီး မြှောက်စားဦးမှာပါပဲ။ အားကစား အခြေပြု ခရီးသွားလုပ်ငန်းတွေ ဟိုတယ်လုပ်ငန်းတွေ စတာတွေကို ၂၀၃၀ အမီ အရှိန်မြှင့်နေတာကို ကြည့်လိုက်ရင် မြင်သာနေပါတယ်။
ရိုနယ်လ်ဒိုဟာ Work Hard ကို ယုံကြည်ပြီးအိမ်ကွင်းရော အဝေးကွင်းပါ အင်ပြည့်အားပြည့် ကစားနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်သားလောက်တဲ့ စကားတစ်ခွန်းကတော့
Talent without working hard is nothing ပါခင်ဗျား ။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၀၇.၀၉.၂၀၂၄)

image