ငါးရွှေမီးကင်နံ့လေးနဲ့ လက်ရာကောင်းပြီးဈေးသင့်တဲ့ စမ်းချောင်းကရခိုင်မုန့်တီဆိုင်

ဒီဆိုင်ကို လူအများစုက ငှက်ပျောတောလမ်းက မုန့်တီဆိုင်လို့ သိကြပါတယ်။ အရသာကောင်းလို့ ဆယ်လီတွေတောင် လာစားလေ့ရှိကြပြီး ရန်ကုန်မြို့တွင်း မြို့နယ်အသီးသီးက တကူးတက လာစားကြတာပါ။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ မုန့်တီဟင်းရည်ပါပဲ။ ရခိုင်ပြည်နယ် ရမ်းဗြဲဒေသချက်နည်းအတိုင်း ငါးရွှေမီးကင်ကိုသုံးပြီး ချက်ထားတာကြောင့် ငါးမီးကင်နံ့မွှေးမွှေး၊ ငါးဖတ်တွေနဲ့ ကြည်ကြည်ချိုချိုလေး သောက်လို့ကောင်းပါတယ်။ မုန့်တီဟင်းရည်အပြင် နောက်ထပ် လူကြိုက်များတာကတော့ ငရုတ်သီးအစပ်အရသာပါ။ ငရုတ်သီးအနီရောင်ကိုသုံးပြီး အနှစ်လုပ်ထားလို့ ရခိုင်အသုပ်တွေက စားကောင်းပါတယ်။ အသုပ်တွေအနေနဲ့ ပဲကြာဇံနဲ့အရွက်စုံပါတဲ့ ရခိုင်သနပ်စုံသုပ်၊ သင်္ဘောသီးသုပ်၊ ပြည်ကြီးငါး၊ ခရု၊ ဂုံး စတဲ့ ပင်လယ်စာသုပ်တွေရသလို ဝက်ခေါက်၊ အမဲခေါက်နဲ့ ဝက်ဆီဖက်သုပ်တွေလည်းရပါတယ်။ ကြက်သားတုတ်ထိုးအစုံလည်း ရနိုင်ပြီး ဆိုင်မှာရတဲ့အမယ်တွေကို စားသုံးသူတွေစားချင်တဲ့ ပုံစံတွေအတိုင်း ရောစပ်ပြီး သုပ်ပေးတာမျိုးလည်း လုပ်ပေးပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ရခိုင်မုန့်တီအလွတ်တစ်ပွဲ ၆၀၀ ကျပ်ဖြစ်ပြီး အသုပ်တွေကတော့ အမျိုးအစားအလိုက် ၁၀၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်အထိ ရှိပါတယ်။ ဆိုင်လိပ်စာကတော့ စမ်းချောင်းမြို့နယ် ငှက်ပျောတောလမ်းထဲမှာဖြစ်ပြီး နေ့လည်တစ်နာရီဆိုရင် ဆိုင်စဖွင့်ပါပြီ။

#duwun #duwunlifestyle #ရခိုင်မုန့်တီ

image
image
image
image
image