5 w - Translate

ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို ပေါ်တူဂီဂျာစီနဲ့ ဘောလုံးမြက်ခင်းစိမ်းပေါ်မှာ ထပ်မံ မြင်တွေ့ရဦးမယ်ဆိုတာ သေချာ နေပါပြီ ။

ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ You Tube Channel က အစီအစဉ်မှာ သူ့အနေနဲ့ လက်ရှိမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ပေါ်တူဂီ အသင်းမှာ ဆက်ကစားသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

ဒါပေမယ့် အနားယူရမယ့် အချိန် ရောက်လာရင်တော့ ခက်ခက်ခဲခဲ ဆုံးဖြတ်စရာ မရှိဘူးလို့လဲ ထပ်လောင်း ပြောဆိုခဲ့ပါတယ် ။

ပေါ်တူဂီ စူပါစတား ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ပေါ်တူဂီနဲ့ ကာဇတ်စတန်တို့ပွဲမှာပဲ သူရဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘဝရဲ့ ပထမဦးဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့် ရခဲ့တာပါ ။

အဲ့ဒီအချိန်တုန်းကတော့ ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်အရွယ်သာ ရှိခဲ့ပါတယ်။

အခုတော့ အသက် ၃၉ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းနဲ့အတူ ၂၁၂ ပွဲအထိ ကစားထားခဲ့ပြီဖြစ်ပါတယ် ။

ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွင်း နိုင်ငံတကာ ပွဲစဉ်တွေ အများဆုံး ကစားထားနိုင်ခဲ့တဲ့ စံချိန်ပါ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကိုပါ ပါဝင်ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားနိုင်သူ အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ် ။

လက်ရှိမှာလည်း လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ဆက်လက် ကစားသွားဖို့သာ ဆန္ဒရှိနေတဲ့ အကြောင်းကို သူ့ရဲ့ YouTube Channel မှာ ပြောဆိုခဲ့ပါတယ် ။

“အချိန်ကျလာတဲ့ အခါကျရင်တော့ ကျွန်တော် အနားယူသွားပါမယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီအသင်းအတွက် ကျွန်တော်် ဘာမှ မကူညီပေးနိုင်တော့ဘူးလို့ ခံစားမိလာရပြီဆိုရင်တော့ ကျွန်တော် ပထမဆုံး ထွက်ခွာသွားမှာပါ။” လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီသမိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောရမယ့် ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတွေ ရယူထားခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ အမေရိကန် မက္ကဆီကိုနဲ့ ကနေဒါတို့ ၃ နိုင်ငံ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း ပါဝင် ဆင်နွဲသွားဖို့ ရည်ရွယ်ချက်လည်း ရှိနေတယ်လို့ သိရပါတယ် ။

image