5 w - Translate

တိတ်ဆိတ်ပြီး ဝေးရတာမျိုးပေါ့ ...

လမ်းခွဲရအောင်လို့ မပြောပဲ ဝေးသွားကြတဲ့ ဇာတ်လမ်းတွေ အများကြီးထဲက တစ်ပုဒ်လို့ပဲ ထားပါ ။ တိတ်ဆိတ်နေရင်းက တဖြေးဖြေးချင်း ပိုဝေးသွားတာကို ငေးကြည့်နေတဲ့ လူတစ်ယောက်ပဲ ထားပါတော့ ... သူပြန်အဆင်ပြေလာရင် ကိုယ့်ဆီ ပြန်လာမှာပေါ့ဆိုတဲ့ အတွေးနဲ့ မျှော်နေမိတဲ့ လူတစ်ယောက်ပဲပေါ့ ။

သူကလေ ... သိပ်နေစိမ့်တာပဲ ... ဖုန်းတွေ ခေါ်နေမှန်းလဲ သိရဲ့နဲ့ စာတွေ ပို့နေမှန်းလဲ သိရဲ့နဲ့ နည်းနည်းလေးတောင် ပြန်လှည့်ကြည့်ဖော်မရဘူး ။ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေလဲ မမေးဘူးလေ ။ ဘယ်သူနဲ့ စကားပြောနေတာလဲဆိုပြီး စိတ်ရှုပ်စရာတွေလဲ မေးမနေတော့ဘူးလေ ။ ဒါပေမယ့် ဘာလို့ ကိုယ့်ကို အဲ့လောက် ပစ်ထားပြီး နေနိုင်ရက်တာလဲလို့ တွေးပဲ တွေးနေမိတော့တယ် ။ ရန်တွေလဲ မရှာဘူးလေ ပြဿနာတွေလဲ မလုပ်ဘူးလေ ။ အသံလေးကြားချင်ရုံ စကားလေးပြောချင်ရုံလောက်တောင် အခွင့်အရေးတွေ ရှိမနေတော့ဘူး ။

ချစ်တယ်ဆိုတဲ့ စကားတွေလဲ ပြောနေတော့မှာ မဟုတ်ဘူးလေ ။ ချစ်လားဆိုတဲ့ မေးခွန်းတွေလဲ မေးမနေတော့ဘူး ။ ဒါပေမယ့် တဖြေးဖြေးနဲ့ ကိုယ့်အတွက် နေရာရှိမနေတော့တဲ့ အရပ်မှာ အချိန်အကြာကြီးရပ်နေတာတောင် နည်းနည်းလေးတောင် အဖတ်လုပ်ခြင်းတွေ မခံရဘူး ။ တိတ်ဆိတ်ပေးလိုက်တော့မယ်နော် ပြီးတော့ ပျော်နေတာလေးကိုပဲ ငေးပြီးကြည့်နေတော့မယ် ။ နာကျင်နေလဲ ကိုယ့်ကြောင့်နဲ့ ကိုယ်ပါလေဆိုပြီး စိတ်တွေ ဖြေတော့မယ် ။

ပိုင်ဆိုင်ရပြီလို့ တစ်ထစ်ချ တွက်ခဲ့ပြီးမှ ဘယ်သူမှ မသိခင် ဆုံးရှုံးလိုက်ရတဲ့ အရာတွေထဲက တစ်ခုပေါ့ ။ ပြန်ပေးဆပ်ရတာတွေတော့ နည်းနည်းလေး များရုံပဲ ရှိတာပါ ။ အိပ်မက်တွေဟာ မက်နေရင်းက ပျက်ရတယ် ။ မျှော်လင့်ချက်တွေဟာ ထားနေရင်းက ကွဲကျေသွားရတယ် ။ မင်းရှိနေတာပဲဆိုတဲ့ နေ့ရက်တွေကနေ မျက်စိတစ်မှိတ်အတွင်း မင်းရှိမနေပါလားဆိုတဲ့ နေ့ရက်တွေဆီ ရောက်လာခဲ့တယ် ။

မင်းကို သိပ်ချစ်တာပဲဆိုတဲ့ အကြောင်းတွေ ပြောပြဖို့ မခက်ပေမယ့် မင်းနဲ့ ဝေးသွားပြီဆိုတဲ့ အကြောင်းတွေတော့ ငါ့မှာ ပြောရခက်နေသေးတယ်လေ ။ ပြန်လာမှာဆိုပြီး မျှော်လင့်ချင်နေသေးတာကြောင့်လဲ ပါတာပေါ့ ။ ဒါပေမယ့် ငါတို့ဇာတ်သိမ်းကြီးကလဲနော် ... ဝေးရအောင်လို့ မပြောပဲ တကယ်ပဲ ဝေးကြရတာမျိုးပေါ့ ...လမ်းခွဲရအောင် မပြောပဲ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖြစ်တော့တာမျိုးလေ။

စာတွေ ပို့နေမိပါသေးတယ် ...ဖုန်းတွေ ခေါ်ဖြစ်ပါသေးတယ် ။ ဒါပေမယ့် ... ဘာဆိုဘာမှ ပြန်မလာတဲ့အဆုံး အသံလေးကြားချင်နေတဲ့စိတ်ကို ထိန်းပြီး နှုတ်ဆိတ်နေလိုက်မိတယ် ။ ရှေ့ဆက်တိုးဖို့ဆို ကိုယ်တစ်ဖက်တည်း တိုးနေရုံနဲ့မှ မဖြစ်တာ ပြီးတော့ တိတ်ဆိတ်ပေးလိုက်တဲ့အခါကျပြန်တော့လဲ ပိုပြီး ဝေးသွားကြရုံပဲ ရှိတော့တာမျိုးလေ ။

#ကျေးကို

(ရင်နှင့်ရင်း၍ရေးသည်)

image