7 w - Translate

ပြည်ပစျေးကွက်ဝင် ငါးမြစ်ချင်း ရန်ကုန်စျေးကွက်ကို အားထားရောင်းနေရ

၂၀၂၄၊ သြဂုတ် ၂၁

နယ်စပ်လမ်းကြောင်းများမှ ပြည်ပစျေးကွက်သို့ အများဆုံးတင်ပို့နေရသည့် ငါးမြစ်ချင်းများမှာ လတ်တလောတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှုရှိနေသော်လည်း အကန့်အသတ်များရှိခြင်းကြောင့် ရန်ကုန်စျေးကွက်အတွင်းသို့ အဓိကထား ရောင်းချနေရကြရကြောင်း ရွှေပိတောက်ငါးစျေးအတွင်းရှိ ငါးဒိုင် လုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်စျေးကွက်အတွင်းသို့ ဇွန်လအတွင်းက ငါးမြစ်ချင်းငါး ပိဿာချိန် ၅၅,၀၀၀ အထိ တင်ပို့ရောင်းချလာခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အတွင်း ငါးမြစ်ချင်း ၈၅,၀၀၀ ပိဿာအထိ တင်ပို့ရောင်းချခဲ့ကြောင်း အဆိုပါငါးစျေးအတွင်းမှ သိရသည်။

“ငါးမြစ်ချင်းအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်စျေးကွက်ထဲ အဓိကတင်ပို့လာတာပါ၊ Exporter တွေက အဝယ်ဆွဲတာ သိပ်မရှိတော့ စက်ရုံတွေကိုပို့ရတာထက် ပုံမှန်ငါးဒိုင်တွေဆီကို အများဆုံး ပို့နေရတာ” ဟုလည်း ပန်းတနော်အခြေစိုက် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

မြစ်၀ကျွန်းပေါ်ဒေသမှ ထွက်ရှိလာသည့် ရေထွက်ကုန်များကို ပြည်ပပို့ကုန် ရေထွက်ပစ္စည်းတင်ပို့သည့် စက်ရုံများက ဝယ်ယူခြင်းများရှိသော်လည်း ယခုနှစ်တွင် စက်ရုံများမှ အဝယ်ဆွဲမှု သိသာစွာလျော့ကျနေခြင်းကြောင့် သာမန်ငါးစျေးကြီးများထံသို့သာ အားထား၍ လုပ်ကိုင်နေရကြောင်း သိရသည်။

ထို့ကြောင့် ငါးမြစ်ချင်းမှာ ငါးဒိုင်များတွင် ကုန်တက်အဝင်များ၍ စျေးကျနေပြီး တစ်ပိဿာလျှင် ဒိုင်စျေး ၇၀၀၀ မှ ၈၀၀၀ ကျပ်ကြား၊ လက်လီစျေးများအတွင်း ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်ကြား စသည်ဖြင့် ပေါက်စျေးရှိနေကြောင်း သိရသည်။

ရန်ကုန်၊ ဇော်မင်း
crd

image