9 w - Translate

အွန်လိုင်းတွင် ပစ္စည်းများကို ဈေးလျှော့ရောင်းပြီး လာယူရန် ချိန်းဆိုကာ လုယက်ခြင်းများ အဖြစ်များလာ

၂၀၂၄၊ သြဂုတ် ၀၈

အွန်လိုင်းပေါ်တွင် ပစ္စည်းများကို ဈေးလျှော့ရောင်းပြီး လာယူရန်အတွက် ချိန်းဆိုပြီးနောက် လုယက်သည့်ဖြစ်စဉ်များ ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ သိရသည်။

ယခုလို အွန်လိုင်းပေါ်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းလျှော့ချ၍ ရောင်းချပြီး အပြင်မှာ ကိုယ်တိုင်လာယူရန် ချိန်းဆိုပြီးနောက် ပစ္စည်းလာယူကြသူများကို အုပ်စုဖွဲ့ကာ လုယက်သည့် ဖြစ်စဉ်များ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

“တစ်လောက လိုင်းပေါ်မှာပေါ့နော် ဆုံလည်ထိုင်ခုံလေးတွေ သင်တန်းတစ်ခုပိတ်လိုက်လို့ အသုံးမလိုတော့လို့ ပြန်ရောင်းမယ်ဆိုပြီး တင်ထားတာ တွေ့လိုက်ရတယ်၊ ဈေးကလည်း အရမ်းတန်နေတော့ ဝယ်မယ်ဆိုပြီး ကိုယ့်အိမ်နားက အသိတစ်ယောက် ကားကို အကူအညီတောင်းပြီး သွားယူတာ၊ သူတို့ချိန်းတဲ့နားရောက်ခါနီး ဖုန်းဆက်ကြည့်တော့ ကားက လမ်းထဲဝင်မရဘူးပေါ့နော်၊ လမ်းမကောင်းတဲ့အတွက် လူပဲလာခဲ့ပြီး ပစ္စည်းလာကြည့်ဖို့ပြောတယ်၊ ပစ္စည်းကြိုက်ရင် သူတို့လည်း ကူပြီးတင်ပေးမယ်ပေါ့နော်၊ အိမ်နားက ကားသမားကို လမ်းထိပ်မှာထားခဲ့ပြီး သူပြောတဲ့ လမ်းထဲ လမ်းလျှောက်ပြီး ဝင်သွားလိုက်တာ လမ်းအလယ်လောက်ရောက်တော့ လူသုံးယောက် သစ်ပင်အကွယ်ကနေ ထွက်လာပြီး ဓားနဲ့ထောက်ပြီး ပါတာတွေပေးဖို့ ပြောတယ်၊ ကျွန်တော်လည်း ဖုန်းနဲ့ ပိုက်ဆံတွေ ပါတာအကုန် ပေးလိုက်တော့ ဆိုင်ကယ်နဲ့မောင်းပြီး ပြေးသွားတယ်၊ လူကိုတော့ ဘာမှမလုပ်သွားဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ယခုလို အွန်လိုင်းပေါ်မှ ပစ္စည်းများကို ဈေးလျှော့ပြီး ရောင်းချကာ လုယက်သည့် ဖြစ်စဉ်များမှာ မကြာခဏဖြစ်ပွားလာခြင်းကြောင့် ပစ္စည်းဝယ်ယူသူများမှာ တစ်ယောက်တည်းသွားရောက်ပြီး ပစ္စည်းဝယ်ယူခြင်းထက် အဖော်ခေါ်၍ သွားရောက်ခြင်းကသာ ပို၍လုံခြုံနိုင်မည်ဖြစ်ကြောင်း တစ်ပတ်ရစ်ပစ္စည်းများ ရောင်းချသူတစ်ဦးက ပြောသည်။

“တချို့ပစ္စည်းအဟောင်းတွေကလည်း Delivery နဲ့ ပို့လို့ကလည်း မရနိုင်ဘူးလေ၊ ပစ္စည်းကောင်း၊ မကောင်းဆိုတာ ကိုယ်တိုင်သွားကြည့်ပြီးဝယ်ရတာ၊ အဲတော့ တချို့ပစ္စည်းတွေဆို ဈေးအရမ်းတန်နေရင် သတိထားရတယ်၊ ဒီဈေးနဲ့ရောင်းတာ ဖြစ်နိုင်ပါ့မလားပေါ့၊ နောက်ပြီးပစ္စည်းဝယ်ဖို့သွားရင်လည်း အဖော်နဲ့သွားမှ စိတ်ချရမယ်၊ မဟုတ်ရင် လုယက်တာတွေဖြစ်နိုင်သလို အသက်အန္တရာယ်အတွက်လည်း စိုးရိမ် ရတယ်” ဟု တစ်ပတ်ရစ်ပစ္စည်းများ ဝယ်ရောင်းလုပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် စားဝတ်နေရေး ခက်ခဲလာခြင်းတို့ကြောင့် အုပ်စုဖွဲ့ကာလုယက်ခြင်း၊ ဓားထောက်လုယက်ခြင်းတို့အပြင် မသမာသည့် နည်းလမ်းပေါင်းစုံဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇော်မင်း

image