9 w - Translate

ရန်ကုန် အိမ်ခြံမြေစျေးကွက် အဝယ်ပါးသဖြင့် စျေးအနည်းငယ်ချရောင်းမှုရှိလာ

၂၀၂၄၊ သြဂုတ် ၀၆

ဒေါ်လာစျေးနှင့် ရွှေစျေး မြင့်တက်လာမှုကြောင့် စျေးဆွဲတင်ကာ ရောင်းချလာသည့် ရန်ကုန်အိမ်ခြံမြေနှင့် တိုက်ခန်းစျေးမှာ ထင်သလို အဝယ်မလိုက်သဖြင့် ဝယ်ရောင်းလုပ်သူများ ကိုင်ထားသည့် အိမ်ခြံမြေနှင့် တိုက်ခန်းစျေးကို အနည်းငယ်ချကာ တွန်းရောင်းလာနေကြောင်း စျေးကွက်စောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။

“လကုန်ခါနီးတုန်းက နှစ်သောင်းတန်ထွက်မယ် ဘာမယ်နဲ့ဆိုပြီး သာကေတက ဒါဘာအခန်း ၁၆ ပေ ၅၅ ပေကို တစ်ထောင်အထိ ခေါ်ထားတာ တွေ့တယ်။လှိုင်မှာလည်း မြေညီထပ်ကို နှစ်ထောင့်နှစ်ရာဆိုပြီး ခေါ်တာ။ရွှေပြည်သာဘက်မှာ အိမ်မဲကြီးဘက်မှာ မြေကြီးသက်သက် ပေ ၂၀ ပေ ၆၀ ထောင့်ကွက်ကို နှစ်ထောင်ကျော် ခေါ်တာ။ကျနော်က စျေးမေးတော့ အဲဒီစျေးတွေ။ကျနော်လည်း မတတ်နိုင်လို့ ငါးရာတန် မြေနဲ့ အိမ်ရှာပြီး ဝယ်တာ ရွှေပြည်သာ သံဒင်းဘက်မှာ ရတယ်။မနေ့က အဲဒီစျေးခေါ်တဲ့ ဝယ်ရောင်းက ညီလေး စျေးတွေကျနေပြီ။စိတ်ဝင်စားလား လှမ်းမေးတယ်” ဟု မကြာခင်က အိမ်ဝယ်ခဲ့သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများ ရန်ကုန်တစ်ဝန်းရှိနေပြီး အများစုမှာ လူနေထိုင်နေသော်လည်း နေထိုင်ခွင့်မကျသေးသလို စျေးမှာလည်း မြှင့်ခေါ်ထားသဖြင့် အခန်းလွတ်များစွာရှိနေရာ အရစ်ကျစနစ်ဖြင့် ရောင်းချမှုများကို တွေ့လာနေရကြောင်း သိရသည်။

“ငွေပေါ်အောင် မြေကွက်မှာ ကန်ထရိုက်ပေးလိုက်တာ။ဘုတ်စိမ်းကျတဲ့အထိ မစောင့်ဘဲ ဒဏ်ကြေးနဲ့ဆောက်မယ်ဆိုပြီး ဆောက်တာ။အခုပြီးတော့ ပြီးတော့ မီတာက အရင်တစ်လုံးပဲရတယ်။ကျန်အခန်းတွေအတွက် မရဘူး။ဂျိုးဖြူရေကလည်း မရဘူး။အခန်းက ကိုယ်ရောင်းမယ်ဆိုမှ အဝယ်က လာကြည့်ပေမယ့် စာရွက်စာတမ်းမစုံ ခွင့်ပြုချက်မပါတော့ အင်တင်တင်နဲ့။ဒီအတိုင်းနေတာမှ ကောင်းသေးတယ်။အခု ဒဏ်ကြေးက ဆောင်ရရင် မနည်းဘူးဆိုတော့။အဲဒီအတွက် ကိုယ်ရတဲ့အခန်းတွေ အတင်းတွန်းရောင်းနေရတယ်” ဟု ကန်ထရိုက်ပေးသည် မြေရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်၊ ဇော်မင်း

image