16 w - Translate

မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်

၂၀၂၄ ခုနှစ် ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “အမျိုးသမီးများရဲ့ စွမ်းဆောင်မှု လူမှုဘဝအကျိုးပြု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံသားတိုင်း မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကာ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဘာသာ/သာသနာအကျိုးပြုလုပ်ငန်းများကိုအခြေပြု၍ မြန်မာအမျိုးသမီးထု၏ လှုပ်ရှားမှုကို ပေါ်လွင်စေရန် လွတ်လပ်စွာ ရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ပြင် ပထမဆုငွေကျပ် (၁၀) သိန်း၊ ဒုတိယဆု ငွေကျပ် (၈) သိန်း၊ တတိယဆုငွေကျပ်(၆)သိန်းနှင့် အထူးဆု (၅)ဆုပါရှိမည်ဖြစ်ပြီး အထူးဆုတစ်ဆုလျှင် ငွေကျပ်(၄)သိန်းစီချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်ဖြစ်ပြီး မည်သည့် ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ကာ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၂ လက်မ x ၁၈ လက်မဆိုဒ်ဖြစ်သည်။

ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်သလို ၁၂ လက်မ x ၁၈ လက်မဆိုဒ် ဓာတ်ပုံနှင့်အတူ Soft Copy CD ကိုလည်း တစ်ပါတည်းပူးတွဲပေးပို့ရမည်ဖြစ်သည်။

ဒစ်ဂျစ်တယ် နည်းပညာဖြင့် ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း၊ ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့်ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ယှဉ်ပြိုင်ခွင့်မပြုကြောင်းလည်း အသိပေးထားသည်။

ဆုရရှိသော ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ သင်ခန်းစာကဏ္ဍများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်ဖြစ်ပြီး ဆုမရရှိသော ဓာတ်ပုံများကို လိုအပ်၍ အသုံးပြုမည်ဆိုပါက ခွင့်ပြုပေးရမည်ဖြစ်ကာ သင့်တော်သော ဉာဏ်ပူဇော်ခကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲဝင်ဓာတ်ပုံ၏ နောက်ကျောတွင် မိမိကိုယ်တိုင်ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက် ပါရှိရမည်ဖြစ်ပြီး အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံပါ အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသတို့ကို သီးခြားစက္ကူဖြင့် ရေးကူး၍ ပူးတွဲပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၄ ခုနှစ် ဇွန် (၂၈) ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံဓာတ်ပုံအသင်း အမှတ် ၂၇/၂၉ ၊ ၃၅ လမ်း(အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ရုံးဖုန်း-(၀၉၇၇၇၈၄၃၃၈၇)သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက် ကျော်လွန်၍ ပေးပို့လာသောဓာတ်ပုံများကို ပြိုင်ပွဲဝင် ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။

image