18 w - Translate

အရင်တပတ် ရုံးပိတ်ရက်မှာ "The 8 Show" ဆိုတဲ့ ကိုရီးယားစီးရီးတခုကို အပြီးကြည့်ဖြစ်တယ်။ တီဗီစီးရီးတွေ မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီတခုကတော့ အစမ်းကြည့်ရင်းနဲ့ နောက်ဘာဆက်ဖြစ်မလဲ သိချင်တာနဲ့ ကြည့်လိုက်တာ ၂ရက်နဲ့ ၈ ခုလုံး ကြည့်ဖြစ်သွားတယ်။ အရင်က နာမည်ကြီးခဲ့တဲ့ "Squid Game" ပုံစံမျိုး ဆိုပေမဲ့ ဒီဇာတ်လမ်းကို ပိုကြိုက်မိတယ်။ လူ့သဘာဝနဲ့ ပိုနီးစပ်လို့။
.
မကြည့်ရသေးသူ၊ ကြည့်ဖို့ စိတ်ကူးထားသူတွေလည်း ရှိတော့ Spoiler Alert တော့ သတိပေးမယ်။ စာဖတ်ပြီးမှ ကြည့်ရင် ဇာတ်လမ်း အရသာ ပျက်လိမ့်မယ်။ အဲလို မသိချင်ရင်တော့ စာဆက် မဖတ်ပါနဲ့။ အရင်ကြည့်ပါ။ ကြည့်ဖြစ်မှာ မဟုတ်သူတွေကတော့ စိတ်ဝင်စားရင် ဆက်ဖတ်နိုင်ပါတယ်။
.
ဇာတ်လမ်းအကျဥ်းက လူ ၈ ယောက်ကို ဂိမ်းတခု ကစားစေတယ်။ လူ ၈ ယောက်ကို အဆောက်အအုံတခုထဲမှာ ထည့်ထားပြီး မိနစ်နဲ့ အမျှ ပိုက်ဆံပေးတယ်။ ဒါပေမဲ့ ပေးတဲ့နူန်းက မတူဘူး။ တယောက်ကို တလွှာမှာ နေခိုင်းတယ်။ ပထမလွှာမှာ နေသူက ဝမ် တသောင်း၊ ဒုတိယလွှာ နှစ်သောင်း၊ တတိယလွှာ သုံးသောင်း၊ ၄လွှာ ငါးသောင်း၊ ၅လွှာ ရှစ်သောင်း၊၆လွှာ ၁၃သောင်း၊ ၇လွှာ ၂၁သောင်း၊ ၈လွှာ ၃၄သောင်း စသဖြင့် ကွာတယ်။
.
ဘယ်အလွှာမှာ နေရမယ် ဆိုတဲ့ နံပါတ်ကိုတော့ ပွဲမစခင်မှာ သူတို့ဘာသာ ရွေးခဲ့ကြတာပါ။ တချို့က နံပါတ်မြင့်တာ ရွေးတယ်။ တချို့က အလယ်အလတ်ရွေးတယ်။ တချို့ကတော့ သူများ ရွေးပြီး ကျန်တာ ယူရတယ်။ သူတို့ အဲဒီအဆောက်အအုံထဲမှာ နေသမျှ မိနစ်တိုင်း သတ်မှတ်ထားတဲ့ နူန်းနဲ့ ငွေရကြတယ်။ ကြာကြာနေနိုင်ရင် ငွေပိုရမယ်။ ဂိမ်းက အစမှာ ၂၄နာရီ ပေးထားတယ်။ သူတို့အပေါ် မူတည်ပြီး အချိန်တွေ တိုးလာတယ်။ လူစိတ်ဝင်စားအောင် လုပ်ပြရင် အချိန်ပိုတိုးတယ် ပေါ့။
.
အစမှာတော့ အားလုံးက ညီညီညွတ်ညွတ်နဲ့ အချိန်တိုးအောင် ဝိုင်းလုပ်ကြတယ်။ ဒါပေမဲ့ ကြာလာတော့ အပေါ်လွှာကလူတွေနဲ့ အောက်လွှာက လူတွေ စိတ်ဝမ်းကွဲလာတယ်။ အလွှာအသီးသီးမှာနေတဲ့ လူတွေက ဒီလိုပါ။
.
၈လွှာ - ချမ်းသာပြီး လုပ်ချင်ရာလုပ်သူ
၇လွှာ - ပညာတတ်၊ အတွက်အချက် ကောင်းသူ
၆လွှာ - ဗလအားကိုး လူမိုက်ဆန်သူ
၅လွှာ - ဘယ်သူဘာလုပ်လုပ် ကြောက်ပြီး လိုက်လုပ်သူ
၄လွှာ - သာတဲ့ဘက်ကို ပေးကပ်သူ
၃လွှာ - စိတ်ကောင်းရှိပေမဲ့ ကံမကောင်းတတ်သူ
၂လွှာ - တိုက်ရဲ ခိုက်ရဲ မဟုတ်မခံသူ
၁လွှာ - ဆင်းရဲပြီး ခြေတဖက်မသန် ဖြစ်နေသူ
.
၈လွှာနဲ့ ၆လွှာက ပေါင်းပြီး ၁၊၂၊၃ ကို နှိပ်ကွပ်တယ်။ ၄လွှာက ၈နဲ့ ၆ကို လိုက်ဖားတယ်။ ၇လွှာက အောက်လွှာတွေကို ကယ်တင်ဖို့ ကြိုးစားရင်း ၈နဲ့၆ ရဲ့ ထိန်းချုပ်မှုကို ခံရတယ်။ ၅ကတော့ ကြောက်ကြောက်နဲ့ သူများကို ခိုင်းတာ လုပ်တယ်။ ၁၊၂၊၃ က စုပေါင်းပြီး တော်လှန်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘဲ ပိုပြီး အထိနာတယ်။ ၇ရဲ့ အကူအညီပေးလိုက်တော့ အောင်မြင်သွားတယ်။ ၈၊၆၊၄ ကို ယာယီ ထိန်းချုပ်လိုက်နိုင်တယ်။ ကြိုးတုတ်ထားလိုက်တယ်ပေါ့။ ဒါပေမဲ့ ၂ကလည်း နောက်ပိုင်းမှာ သူ့လူတွေဖြစ်တဲ့ ၁၊၃၊၅၊၇ ကို သူပြန်မယုံဘူး။ တဦးတည်း ချုပ်ကိုင်ဖို့ ကြိုးစားတယ်။ ၁၊၃၊၇ ကို အကျဥ်းချထားလိုက်တယ်။ သူ့နောက်လိုက် ဆိုလို့ ၅တယောက်ပဲ ရှိတော့တယ်။
.
အဲဒီအချိန်မှာ ၆ဟာ ၅ကို အယုံသွင်းပြီး လွှတ်မြောက်သွားတယ်။ ၆ အကူအညီနဲ့ ၈၊၄ ဟာလည်း လွှတ်မြောက်သွားတယ်။ ၈၊၆၊၄ ဟာ တဦးတည်း ဖြစ်နေတဲ့ ၂ကို အလွယ်တကူ အနိုင်ယူလိုက်နိုင်တယ်။ ၆ကိုလည်း ၈က မကြိုက်တော့လို့ အာဏာပြန်သိမ်းပြန်တယ်။ ၈က ၄နဲ့၅က လွှဲပြီး အားလုံးကို နှိပ်စက်တော့တယ်။ ၄က အစမှာ ၈လုပ်သမျှ ကြည်ဖြူပေမဲ့ ခိုင်းတာချည်း လုပ်နေရတယ်၊ ၈ လောက် ငွေမရတာရယ်ကြောင့် မကျေနပ်ဘူး။ ဒီတော့ ၁၊၂၊၃၊၇ နဲ့ ကယ်တင်ပြီး ပုန်ကန်ပြန်တယ်။ ၈ ကို အနိုင်ရလိုက်ပေမဲ့ မပြီးဆုံးသေးဘူး။
.
၁က ပိုက်ဆံအနည်းဆုံးရသူ ဖြစ်တဲ့အတွက် ဒီဂိမ်းကို အဆုံးမသတ်ချင်ဘူး။ ဒီတော့ အားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားပြန်တယ်။ ဂိမ်းထဲမှာ အချိန်အများကြီး ဆက်နေရဖို့ ကြိုးစားတယ်။ ကံမကောင်းစွာနဲ့ပဲ အဲလိုကြိုးစားရင်း ဆုံးသွားတယ်။ အဲဒီတော့မှ ဂိမ်းလည်း ပြီးသွားတော့တယ်။
.
ဇာတ်လမ်းအကျဥ်းကို ဖတ်ပြီး မျက်စိရှုပ်၊ ခေါင်းရှုပ်သွားလား။
.
အဓိက ဇာတ်ကောင်ကတော့ ၃လွှာမှာနေတယ်။ စိတ်ကောင်းရှိပြီး ကံမကောင်းတော့ ခံရတဲ့ဘက်ကချည်းပဲ။ ၇ က အတွက်အချက် ကောင်းလို့ ခံရတာ နည်းပေမဲ့ ၈ လက်အောက်မှာ သူလည်း မစားသာဘူး။ ၆နဲ့ ၂က စိတ်ဓာတ်ကွာပေမဲ့ ခွန်အားကြီးသူ နိုင်စတမ်း ဆိုတဲ့ အမြင်ရှိတယ်။ ၄နဲ့၅ ကတော့ ဟိုဘက်ပါလိုက်၊ ဒီဘက်ပါလိုက်နဲ့ သာတဲ့ဘက်မှာ အမြဲရှိနေခဲ့တယ်။ ၁ကလည်း ၃လိုပဲ ကံဆိုးတဲ့ဘက်မှာ အမြဲပါတယ်။ ပိုလည်း ခံရတယ်။
.
ဒီဇာတ်လမ်းတွဲကို ကြည့်ပြီး လက်တွေ့ဘဝက လူတန်းစား အလွှာတွေနဲ့ တူလိုက်တာ လို့ တွေးမိတယ်။ ခွန်အားကြီးတဲ့ လူတန်းစားတွေ အုပ်စိုးခွင့် ရတိုင်းမှာ ကျန်သူတွေဟာ အနည်းအများ ခံကြရတာပဲ။ ရည်ရွယ်ချက် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တလွဲတွေ လုပ်တတ်ကြတယ်။ ပညာတတ်လူတန်းစားကို အားကိုးဖွယ်ရာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့လည်း ဘက်မမှန်ရင် တခြားသူတွေကို ဒုက္ခပေးတာပဲ။ အောက်ဆုံးကတော့ အခံရဆုံးပဲ။
.
ဒီဇာတ်လမ်းရဲ့ အိုင်ဒီယာကတော့ အသစ်မဟုတ်ပါဘူး။ ဒါမျိုး ခပ်ဆင်ဆင်တွေ အရင်ကလည်း ကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကတော့ ပိုပြီး စွဲဆောင်မှု ရှိတယ်။ ကြည့်ချင်သူတွေ Netflix မှာ ရှာကြည့်လို့ရပါတယ်။ ကြည့်ပြီး အပန်းပြေချင်မှတော့ ပြေလိမ့်မယ်။
___________________________
AKMoe 2024/05/30
Photo: Netflix