18 w - Translate

ရွှေဆိုင်အများစု အဝယ်သာလက်ခံပြီး အရောင်းပိတ်ထား

မေ ၃၁ - ၂၀၂၄

လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်း မငြိမ်သက်မှုတွေကြောင့် ရွှေဆိုင်အများစုဟာ အဝယ်ကိုသာလက်ခံပြီး ရွှေအရောင်းပိတ်ထားကြတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ဈေးတွေက အတက်အကျ မငြိမ်တော့ ရောင်းလိုက်ရင်လည်း ရှုံးကုန်ကြမှာလေ။ ဒါကြောင့် အရောင်း ပိတ်ထားကြတာ။ အခေါက်ကို လုံးဝ ရပ်ထားကြတာ။ တချို့ဆိုင်တွေကတော့ ၁၅ ပဲရည်ကို နည်းနည်းပါးပါးလောက် ရောင်းပေးတာ ရှိတယ်။ ဒါပေမယ့် အရောင်းအဝယ်ကို နှစ်နာရီ၊ သုံးနာရီ‌လောက် ရပ်ထားပြီး အခြေအနေ စောင့်ကြည့်ပြီးမှ အရောင်းအဝယ် လုပ်နေကြတာတွေလည်း ရှိတယ်။ ဈေးက လုံးဝ မငြိမ်တော့ အားလုံးက ဘာမှ ဒီအချိန်မှာ အလုပ် သိပ်မလုပ်ရဲကြဘူးဖြစ်နေတယ်” လို့ ရွှေလုပ်ငန်းတယောက်က ပြောပါတယ်။

ဒါအပြင် ရွှေလုပ်ငန်းရှင် အများစုကလည်း ဖမ်းဆီး စစ်ဆေးခံရမှာကို စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြတာကြောင့် ဈေးကွက်ပေါက်ဈေးလည်း မဖွင့်နိုင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ ပြင်ပဈေးကွက်မှာ ရွှေနဲ့ ငွေဈေးကစားသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မကြာခဏ ထုတ်ပြန်သတိပေးနေပြီး လက်တွေ့မှာလည်း ခေါ်ယူစစ်ဆေး မေးမြန်းမှု ပြုလုပ်ခဲ့တာတွေ ရှိပေမယ့် ဈေးကွက်အတွင်းမှာတော့ ဈေးနှုန်း အတက်အကျ ကြမ်းနေပြီး အရောင်းအဝယ် ရပ်တန့်ထားရတဲ့ အခြေအနေထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြည်တွင်းရွှေဈေးဟာ မေ ၁၆ ရက်နေ့၊ ညနေပိုင်းမှစတင်ကာ သိန်း ၅၀ ဝန်းကျင်ကို ရောက်ရှိလာတာ ဖြစ်ပြီး မေ ၂၀ ရက်၊ ညနေပိုင်းမှာတော့ ၅၁ သိန်းကျော်ကို ထပ်မံ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မေ ၂၃ ရက်နေ့မှာတော့ ကျပ် ၅၂ သိန်းဝန်းကျင်ကို ဆက်လက် မြင့်တက်သွားခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာတော့ ရွှေဈေးဟာ ၅၁ သိန်းကျော်ကို အနည်းငယ် ပြန်လည် ကျဆင်းခဲ့ပါတယ်။

မေ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ၅၁ သိန်းကျော်ဝန်းကျင်မှာသာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ အဲဒီနေ့ ညနေပိုင်းမှာတော့ ၅၂ သိန်းကျော်ကို ရောက်ရှိခဲ့ပြီး မေ ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ ၅၃ သိန်းကျော်ဝန်းကျင်အထိ ထပ်မံ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မေ ၂၈ ရက်၊ ညနေပိုင်းမှာတော့ ပြည်တွင်းရွှေဈေးဟာ ၅၅ သိန်းကျော်ကို ထပ်မံ စံချိန်ချိုးသွားခဲ့ပြီး တရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။

မေ ၂၉ ရက်၊ နေ့လယ်မှာတော့ ပြည်တွင်းရွှေဈေးဟာ ၅၆ သိန်းကျော်ကို ရောက်ရှိခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာတော့ ၅၈ သိန်းကျော်နဲ့ ထပ်မံ စံချိန်သစ် တင်ခဲ့ပါတယ်။

မေ ၃၀ ရက်၊ ညနေပိုင်းမှာတော့ ရွှေဈေးဟာ ကျပ် ၅၇ သိန်းကျော်ကို ပြန်လည် ကျဆင်းလာပြီး ဒီကနေ့ မေ ၃၁ ရက်၊ မနက်ပိုင်းမှာတော့ ၅၅ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့ရာက နေ့လယ်ပိုင်းမှာ ၅၆ သိန်းကျော်ကို ပြန်လည်မြင့်တက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

image